သြဂုတ် ၂၂ ရက်နေ့မှာ ရိုဟင်ဂျာတွေ မပြန်နိုင်သေးတာကို မြန်မာဘက်က ကြိုသိခဲ့
ဓာတ်ပုံ ရင်းမြစ်, Thierry Falise/LightRocket via Getty Images
ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်အခြမ်း ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေထဲက စိစစ်ပြီးသား ဒုက္ခသည် ၃၄၅၀ ကို သြဂုတ်လ ၂၂ ရက်နေ့မှာ ပြန်လာဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား သဘောတူထားခဲ့ကြပေမယ့် သတ်မှတ်ထားတဲ့နေ့မှာ ဒုက္ခသည် တစ်ဦးတစ်ယောက်မှ ပြန်မလာနိုင်ခဲ့ကြပါဘူး။
"အံ့သြစရာ မဟုတ်ဘူး၊ ဒီလိုဖြစ်မယ်ဆိုတာ ကြိုတွေးထားတယ်၊ ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ဒုက္ခခံပြီးတော့ စိစစ်မှုတွေ လုပ်ပေးတယ်၊ ဒါပေမဲ့ ဖြစ်မလာခဲ့ဘူး" လို့ ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး ကော်မတီ(UEHRD) ဒုဥက္ကဌ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
စိစစ်ထားတဲ့ စာရင်းထဲပါတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေမှာတော့ သူတို့တွေဟာ ပြန်လာဖို့အတွက် ကိုယ်ကိုယ်တိုင်ရဲ့ ဆန္ဒအလျောက် သဘောတူညီချက် တခုမှမပါသလို ကာယကံရှင်ရဲ့ လက်မှတ်လည်း မပါဘဲ ပေးပို့ထားတာ ဖြစ်တယ်လို့ UEHRD ဘက်က ပြောပါတယ်။
"တကယ်က ၂ နိုင်ငံ သဘောတူညီချက်အရဆိုရင် လုံး၀ မကိုက်ညီတဲ့ စာရင်း ဖြစ်နေတယ်၊ UNHCR ကလည်း ပြန်လာမယ့် ၂ ရက်လောက် အလိုကျမှ အဲ့ဒီပြန်လာမယ့်သူတွေကို သွားမေးတဲ့အခါမှာလည်း အဲ့ဒီလူတွေက မသိကြဘူး၊ သေချာတယ်လေ ဘယ်လိုလုပ် ပြန်လာကြမလဲ" လို့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဘီဘီစီကို ပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Adam Gray / Barcroft Images / Barcroft Media via G
ဘင်္ဂလားဒေ့ရှ် ကော့ဇက်ဘာဇားမှာရှိတဲ့ ကူတူပါလောင် ဒုက္ခသည်စခန်းမှာလည်း ဘတ်စ်ကား ၅ စီး၊ ထရပ်ကား ၁၀ စီးနဲ့ သြဂုတ်လ ၂၂ ရက်နေ့က လှည့်လည်ပြီး ပြန်လာမယ့်သူတွေကို လှည့်လည်ခေါ်ဆောင်ခဲ့ပေမယ့် တစ်ဦးတစ်ယောက်မှ ကားပေါ်မတက်ခဲ့ကြသလို ဒုက္ခသည်တွေနဲ့ သွားတွေ့ခဲ့တဲ့ ကုလသမဂ္ဂဝန်ထမ်းတွေကလည်း သူတို့တွေဟာ ပြန်ဖို့ ဆန္ဒမရှိကြသေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။
"ရိုဟင်ဂျာတွေပြောတာက မြန်မာပြည်က သူတို့အတွက် မလုံခြုံဘူး၊ မြန်မာနိုင်ငံသားဖြစ်ခွင့်ကလည်း မသေချာဘူး၊ ဒါ့ကြောင့် မပြန်သေးဘူး" ဆိုပြီး ပြောခဲ့တဲ့အကြောင်း ကူတူပါလောင်စခန်း ဒုက္ခသည်တွေနဲ့ တွေ့ဆုံမေးမြန်းခဲ့တဲ့ ဘီဘီစီဘင်္ဂါလီဌာနက သတင်းထောက်က ပြောပါတယ်။
ဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး ကတော့ "ဒုက္ခသည်စခန်းတွေမှာ ARSA အကြမ်းဖက်အဖွဲ့ဝင်တွေက ဒီဘက်ကို မသွားကြဖို့ ဒုက္ခသည်တွေကို ပြောဆို ခြိမ်းခြောက်တာတွေ ရှိတယ်" ဆိုပြီးတော့ ပြောပါတယ်။
ARSA ပတ်သက်လို့ ဘာအထောက်အထားတွေ ရထားလို့ပါလဲ ဆိုတဲ့ ဘီဘီစီရဲ့ မေးခွန်းကို ဝန်ကြီးက ပြန်ဖြေရာမှာတော့ "ကျွန်တော်တို့ဘက်က တတ်နိုင်တဲ့ လုံခြုံရေးတွေကို အကုန်လုံး လုပ်ထားတယ်၊ ဒုက္ခသည်စခန်းက ခေါင်းဆောင်တွေကို ဒုက္ခသည်လွှဲပြောင်းရေးအစီအစဉ်မှာ မပါဝင်ကြဖို့ ARSA က ပြောထားတယ် ဆိုတဲ့ဟာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ဘင်္ဂလားဒေ့ရှ်မီဒီယာတွေကို ပြောထားပါတယ်" လို့ ပြောပါတယ်။
ရခိုင်ပြည်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်တုန်းက ARSA ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက် တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေးဖြစ်စဉ်အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်း ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ ၇ သိန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂအချက်အလက်တွေက ဖော်ပြပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Allison Joyce/Getty Images)
သူတို့တွေ ပြန်လာဖို့ ၂၀၁၈ နိုဝင်ဘာတုန်းက မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အကြား အကောင်အထည်ဖော်ဖို့ ကြိုစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။
အခု ဒုတိယအကြိမ် ကြိုးပမ်းမှုကလည်း ထပ်မံမအောင်မမြင်ဖြစ်ခဲ့ပြီး ဒါဟာ ဘင်္ဂလားဒေ့ရှ်ဘက်က ပျက်ကွက်မှုလို့ မြန်မာဘက်က ပြောပါတယ်။
သြဂုတ်လ ၂၂ ရက်နေ့မှာ ဒုက္ခသည်တွေ ပြန်လာမလားဆိုပြီး မြန်မာဘက်က ပြန်လည်လက်ခံရေးစခန်းတွေမှာလည်း အာဆီယံ အတွင်းရေးမှူးချုပ်ရုံးကရော ကိုယ်စားလှယ်တွေရော ၆ ယောက် ၇ ယောက် လောက် လာရောက်စောင့်ဆိုင်းခဲ့ကြပါတယ်။
"ကျွန်တော်တို့ဘက်ကတော့ အားလုံးအဆင်သင့်ရှိခဲ့တယ်၊ အရင်ကတည်းက လုပ်ရမယ့်တာဝန်၊ လုပ်ရမယ့် စည်းကမ်းတွေအတိုင်း ဆောင်ရွက်ထားတာပါ၊ ပြန်လာဖို့ဆိုတာ ကျွန်တော်တို့အတွက် အထူးအဆန်း မဟုတ်တော့ဘူး၊ အဆင်သင့် ရှိထားပြီးသား " လို့ ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။
ထိပ်တန်း သတင်းများ
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။