ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြစ်ဆုံ သံလွင်စီမံကိန်းတွေရဲ့ သတင်းအချက်အလက်ထုတ်ပြန်ဖို့ တောင်းဆို
ဒေသခံတွေ ကန့်ကွက်မှု ရှိနေတဲ့ မြစ်ဆုံစီမံကိန်းအပါအဝင် သံလွင်စီမံကိန်းတွေနဲ့ ကရင်ပြည်နယ်က ကျောက်မီးသွေးစီမံကိန်းတွေရဲ့ စီမံကိန်းဆိုင်ရာ သတင်းအချက်အလက်တွေကို အများပြည်သူ သိအောင်ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးဖို့အတွက် အရပ်ဘက်အဖွဲ့အစည်း ရာနဲ့ချီစုပေါင်းဖွဲ့စည်းထားတဲ့ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ မဟာမိတ်အဖွဲ့ MATA က တောင်းဆိုလိုက်ပါတယ်။
အဲဒီအဖွဲ့ရဲ့ ကြေညာချက်တဲမှာ ဒေသခံတိုင်းရင်းသားပြည်သူတွေနဲ့ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု ကြီးမားတဲ့ မြစ်ဆုံ ၊ သံလွင် ရေအားလျှပ်စစ်စီမံကိန်းတွေနဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေး စီမံကိန်းတွေကို လုံးဝ ဆက်မလုပ်ဖို့လည်း တောင်းဆိုထားတာပါ။
ရွေးကောက်ပွဲကြေညာစာတမ်းမှာ ဖော်ပြခဲ့တဲ့အတိုင်း တနိုင်တပိုင်လျှပ်စစ်ဓါတ်အားထုတ်ယူဖို့ လွယ်ကူတဲ့ နေရောင်ခြည်သုံး စွမ်းအင် ၊ ဇီဝဓါတ်ငွေ့စွမ်းအင် ၊ စပါးခွံသုံးလျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုနဲ့ အသေးစား ရေအားလျှပ်စစ်ထုတ်လုပ်မှုလို လုပ်ငန်းငယ်တွေကို စနစ်တကျဖွံ့ဖြိုးတိုးတက်အောင် အားပေးတဲ့ မူဝါဒ နည်းဥပဒေတွေ အမြန်ဆုံးရေးဆွဲအကောင်ထည်ဖော်ဖို့လည်း တိုက်တွန်းထားပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က ယာယီ ရပ်ဆိုင်းထားခဲ့တဲ့ ဧရာဝတီ မြစ်ဆုံစီမံကိန်းတွေနဲ့ ပတ်သက်လို့ တရုတ်အစိုးရရဲ့ သဘောထားက မပြောင်းမလဲ ဆက်ရှိနေပြီး အကောင်ထည်ဖော်ဖို့ ယခင်က အတိုင်း သဘောထား မပြောင်းမလဲရှိနေဆဲဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဟွာချူရင်က နိုဝင်ဘာလအတွင်းက မီဒီယာတွေကို ပြောဆိုထားခဲ့ပါတယ်။
သံလွင်မြစ်ကြောင်းတလျှောက်မှာလည်း တရုတ် ၊ ထိုင်း စတဲ့နိုင်ငံတွေရဲ့ ရင်းနှီးမြှပ်နှံမှုနဲ့ တည်ဆောက်ဖို့ တာစူနေတဲ့ အငြင်းပွားဖွယ် ရေအားလျှပ်စစ်နဲ့ ဆည်စီမံကိန်းတွေ ရှိနေတာဖြစ်ပါတယ်။