ဘီဘီစီရေဒီယို၊ ရုပ်သံအစီအစဥ်တွေကို ဂြိုဟ်တုကဖမ်းယူနိုင်ပြီ

ဖတ်ရန်အချိန်: မိနစ် ၁

ဘီဘီစီမြန်မာပိုင်းရဲ့ ရေဒီယိုနဲ့ ရုပ်သံထုတ်လွှင့်ချက်တွေကို ဂြိုဟ်တုကလည်း ဖမ်းယူကြည့်ရှုနိုင်ပါပြီ။

မြန်မာနိုင်ငံမှာ မတ်လကုန်က ငလျင်ကြီးလှုပ်ခတ်မှုဖြစ်ပွားအပြီး ပြည်သူလူထုရဲ့ သတင်းလိုအပ်ချက်တွေကို ပိုမိုဖြည့်ဆည်းပေးနိုင်ဖို့ ဘီဘီစီက နေ့စဥ်ထုတ်လွှင့်နေတဲ့ ရေဒီယိုနဲ့ ရုပ်သံအစီအစဥ်တွေကို Thaicom 6 ဂြိုဟ်တုကနေ ထပ်ဆင့်ထုတ်လွှင့်ပေးနေပါတယ်။

ဖမ်းယူနိုင်မည့် နည်းလမ်း

ဖမ်းယူနိုင်မယ့် ဂြိုဟ်တုမီတာလှိုင်းနဲ့ ချိန်ရွယ်ဖမ်းယူရမယ့် အချက်အလက်တွေကတော့ -

  • Satellite Thaicom 6
  • Orbital position 78.5° East
  • Frequency 12687MHz
  • Polarisation Vertical
  • Symbol rate 30.000Msym/s
  • FEC 5/6
  • Modulation DVB-S

ဒီထုတ်လွှင့်မှုတွေကို မြန်မာနိုင်ငံတွင်းကရော ထိုင်းနိုင်ငံနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေကပါ ဖမ်းယူကြည့်ရှုနိုင်ကြပါတယ်။ လူထုရဲ့ သတင်းလိုအပ်နေချိန်မှာ အရေးပေါ်အစီအစဥ်အဖြစ်နဲ့ အခုလို ထုတ်လွှင့်မှုကို လေးလကြာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဂြိုဟ်တုက ထုတ်လွှင့်တဲ့ ချန်နယ်မှာ QR Code က တစ်ဆင့် ဘီဘီစီမြန်မာပိုင်းရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာကိုလည်း ဝင်ကြည့်နိုင်ကြပါတယ်။

သတင်းလိုအပ်တဲ့ပြည်သူတွေအတွက် ဝန်ဆောင်မှုအသစ်

အခု ထပ်တိုးတဲ့ ဝန်ဆောင်တင်ဆက်မှုနဲ့ ပတ်သက်ပြီး ဘီဘီစီ သတင်းဌာန ကမ္ဘာလုံးဆိုင်ရာ ညွှန်ကြားရေးမှူးနဲ့ ဒုတိယ အမှုဆောင် အရာရှိချုပ်ဖြစ်တဲ့ ဂျော်နသန် မန်ရိုက အခုလို ပြောပါတယ်။

"မြန်မာမှာ သတင်းလွတ်လပ်ခွင့်က ဆိုးဆိုးရွားရွား ကန့်သတ်ခံထားရပြီး အကြမ်းဖက်ပဋိပက္ခကလည်း ဆက်ဖြစ်နေပါတယ်။ အခုအခါမှာ သဘာဝဘေးဒဏ်ကို ခံရတဲ့ ပရိသတ်တွေလည်း ထပ်ရှိလာပါတယ်။

မြေငလျင်လှုပ်ခတ်ခဲ့တဲ့ သီတင်းပတ်အတွင်း ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေကို လူထုက ဘီဘီစီဆီကနေ လာရောက် ရှာဖွေ ရယူကြတာကြောင့် ဘီဘီစီ မြန်မာပိုင်း ရဲ့ ဒစ်ဂျစ်သတင်းတွေကို နားဆင်၊ကြည့်ရှု၊ ဖတ်ရှုမှုလည်း လေးဆ မြင့်တက်လာပါတယ်။

အခုအသစ် မိတ်ဆက်တဲ့ ဂြိုဟ်တုကတစ်ဆင့် ဝန်ဆောင်မှုဟာ တီဗီ၊ ရေဒီယိုနဲ့ အွန်လိုင်းသတင်းတွေကို မြန်မာဘာသာနဲ့ တစ်နေရာထဲမှာ ပေးမယ့် ဝန်ဆောင်မှုဖြစ်ပါတယ်။ ဘေးအန္တရာယ်ကြောင့် အသက် အများအပြား ဆုံးရှုံးလိုက်ရတဲ့ ပရိသတ်အတွက် အရေးကြီးတဲ့ သတင်းအချက်အလက် ရင်းမြစ် အဖြစ် တင်ဆက်မှာ ဖြစ်ပါတယ်။

အကူအညီလိုအပ်နေတဲ့ ပရိသတ်အတွက် ရည်ရွယ်တာဖြစ်ပြီး ဘီဘီစီဝိုင်းတော်သားတွေရဲ့ တာဝန်ယူမှုနဲ့ ကျွမ်းကျင်မှုတွေနဲ့ မွေးဖွားလာတဲ့ အရေးအကြီးဆုံးအချိန်မှာ လိုအပ်ချက်ကို ဖြည့်ဆည်းတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။"

ဘီဘီစီရဲ့ ရေဒီယို အစီအစဥ်ကို ညစဥ် ည ၈ နာရီက ၈ နာရီခွဲအထိ လှိုင်းတို ၁၆ (ကီလိုဟဇ် ၁၇၅၁၇) နဲ့ လှိုင်းတို ၁၉ (ကီလိုဟဇ် ၁၅၃၂၅) တို့က ထုတ်လွှင့်ပေးနေပြီး တနင်္လာက သောကြာနေ့အထိ ညစဥ် ၈ နာရီ ၄၅ က ၉ နာရီအထိ ထုတ်လွှင့်ပေးနေတဲ့ ရုပ်သံအစီအစဥ်ကိုတော့ ဘီဘီစီရဲ့ ဖေ့စ်ဘုတ်ယူကျုစာမျက်နှာတွေမှာ ဝင်ရောက်ပြီး တိုက်ရိုက်ကြည့်ရှုနိုင်ကြပါတယ်။ မဇ္စျိမတီဗီကနေလည်း ထုတ်လွှင့်ပေးနေပါတယ်။

ဘီဘီစီရဲ့ နောက်ဆုံးရသတင်း၊ သတင်းဆောင်းပါး၊ ဗီဒီယိုနဲ့ ဓာတ်ပုံသတင်းတွေကို Xတယ်လီဂရမ်နဲ့ အင်စတာဂရမ်စာမျက်နှာတွေမှာလည်း တင်ဆက်ပေးနေပါတယ်။

ဘီဘီစီ မြန်မာပိုင်း အစီအစဥ်ဟာ ဘီဘီစီ ကမ္ဘာတစ်လွှား အစီအစဥ်မှာ ပါဝင်ပါတယ်။