ဥပဒေအထက် ဘယ်သူမှ မရှိစေရရဲ့ အရင်းခံရာ မဂ္ဂနာကာတာ

ဓာတ်ပုံ ရင်းမြစ်, Lorin Granger/Harvard Law School

ဓာတ်ပုံ ပုံစာ, အနှစ် ၇၀ နီးပါး စာကြည့်တိုက်တစ်နေရာမှာ လျစ်လျူရှုခံခဲ့ရ
ဖတ်ရန်အချိန်: မိနစ် ၃

အမေရိကန် ပြည်ထောင်စု ဟားဗတ် တက္ကသိုလ် ရဲ့ ဥပဒေစာကြည့်တိုက်ထဲ ရှာဖွေ တွေ့ရှိလာခဲ့တဲ့ စာရွက်စာတမ်းဟာ နိုင်ငံသား အခွင့်အရေးတွေရဲ့ အစဦး ဥပဒေ သမိုင်းမှာ အရေးကြီးလှတဲ့ မဂ္ဂနာ ကာတာ "Magna Carta" သဘောတူမှု တော်ဝင်စာချုပ်ရဲ့ ဗားရှင်း မူ တစ်ခု ဖြစ်မယ်လို့ ပြောနိုင်ပြီ ဖြစ်ပါတယ်။

ဒီ "မူ" ကို ဗြိတိသျှ ပညာရှင် နှစ်ယောက် ရှာဖွေ တွေ့ခဲ့တာ ဖြစ်ပြီး၊ ပျောက်ဆုံး နေခဲ့တဲ့ ၁၃၀၀ ပြည့်နှစ် "Magna Carta" နောက်ဆုံးမူ အဖြစ် ယုံကြည်ရပါတယ်။

"Magna Carta" ဆိုတာ အင်္ဂလန် ပြည့်ရှင် ဂျွန်ဘုရင် ဟာ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေက ဘာတွေလဲ ဆိုတဲ့ အပေါ် သတ်သတ်မှတ်မှတ် သဘောတူထားတဲ့ တော်ဝင် ချာတာ စာချုပ် စာတမ်း ဖြစ်ပါတယ်။

အခု တွေ့လာရတာကတော့ "Magna Carta" စာချုပ် စရှိလာခဲ့ပြီး ၇၅ နှစ် အကြာမှာ ထွက်လာတဲ့ နောက်ဆုံးမူ ဖြစ်တယ်လို့ သုတေသီတွေက ပြောပါတယ်။

"Magna Carta" ဟာ သက်ဦးဆံပိုင် ဘုရင်က ဥပဒေ စိုးမိုးမှု "the rule of law" ကို လက်ခံတဲ့ အကြောင်း ကတိပြု လိုက်တာ ဖြစ်တဲ့ အတွက် တိုင်းသူ ပြည်သားတွေရဲ့ အခွင့်အရေး ဥပဒေသမိုင်းရဲ့ အစဦး အင်မတန် အရေးကြီးတဲ့ စာချုပ်စာတမ်း အဖြစ် မှတ်ယူ ထားကြပါတယ်။

Magna Carta ရှိလာခဲ့တဲ့ အတွက် တိုင်းနိုင်ငံတွေ ထူထောင်ရာမှာ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ဘယ်လို ရေးကြမယ်၊ ဘာတွေ ထည့်သွင်းမယ် ဆိုတာကို မှီငြမ်းဖွယ်ရာ၊ ကိုးကားဖွယ်ရာ ဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MB Toth/RB Toth Associates

ဓာတ်ပုံ ပုံစာ, အလယ်ခေတ်သမိုင်းဆိုင်ရာ ဗြိတိသျှ သမိုင်း ပါမောက္ခ နှစ်ယောက်ရဲ့ အာရုံစိုက်မှုကို ရလာခဲ့

ဓာတ်ပုံ ရင်းမြစ်, MB Toth/RB Toth Associates

ဓာတ်ပုံ ပုံစာ, ပစ္စည်းအမှတ် HLS MS 172 အဖြစ် စာကြည့်တိုက်မှာ စာရင်းသွင်းထားတဲ့ စာရွက်ကို အသေးစိတ် လေ့လာခဲ့

အနှစ် ၇၀ နီးပါး လျစ်လျူရှု ခံခဲ့ရ

၁၃၀၀ ပြည့်နှစ်က မူ အစစ်အဖြစ် အခု လက်ခံလာခဲ့တဲ့ စာရွက်ကို ပွားထားတဲ့ ကော်ပီ တစ်ခု အဖြစ်သာ အရင်က မှတ်ယူထားခဲ့တာပါ။ ဟားဗတ်တက္ကသိုလ် ဥပဒေကျောင်းမှာ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

၁၉၄၆ ခုနှစ်တုန်းက ဒေါ်လာ ၂၇ ဒေါ်လာ ဆင့် ၅၀ (ဗြိတိသျှ ပေါင်ငွေနဲ့ ဆိုရင် ၇ ပေါင်) နဲ့ ဝယ်ပြီး သိမ်းထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အချိန်ကတည်းက ဟားဗတ် လောစကူးရဲ့ စာကြည့်တိုက် တစ်နေရာမှာ ဒီအတိုင်း ရှိနေခဲ့ပါတယ်။

အလယ်ခေတ် သမိုင်းအကြောင်း အထူးပြု လေ့လာတဲ့ ဗြိတိသျှ သမိုင်း ပါမောက္ခ နှစ်ယောက်ကတော့ ဒီ စာရွက်ဟာ အင်္ဂလန်မှာ ပထမမြောက် အက်ဒွပ် ဘုရင် လက်ထက် ၁၃၀၀ ပြည့်နှစ်တုန်းက ရှိခဲ့တဲ့ မူလ Magna Carta ဖြစ်ပြီး ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိနိုင်တယ် ဆိုပြီး ယူဆ လာခဲ့ကြပါတယ်။ အဲဒီ ၁၃၀၀ ပြည့် မူလ စာရွက်ဟာ သမိုင်း တလျှောက် ပျောက်ဆုံး နေခဲ့တာ ဖြစ်ပါတယ်။

ဒီနောက်မှာတော့ ကမ္ဘာတလွှား ရှိနေတဲ့ ၂၅ စောင်နဲ့ တိုက်ဆိုင် စစ်ဆေး ခဲ့ပါတယ်။ လက်ရေး၊ အရွယ်အစား ဒိုင်မေးရှင်း၊ ဝေါဟာရ အသုံးအစွဲ အားလုံးဟာ ၁၃၀၀ ပြည့်နှစ်က တခြား မူရင်း Magna Carta တွေနဲ့ ထပ်တူညီတာကို တွေ့လာရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Nicholas Vincent/UEA

ဓာတ်ပုံ ပုံစာ, ၁၃၀၀ ပြည့် တခြားမူတွေနဲ့ ထပ်တူညီတာကို တွေ့လာရ

သမိုင်းမှာ မဂ္ဂနာကာတာ ဘာလို့ အရေးကြီးရလဲ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မဂ္ဂနာကာတာ ကို ယူကေ ဥပဒေတွေရဲ့ အုတ်မြစ် အခြေခံ အဖြစ် ရှုမြင်နိုင်ပါတယ်။ သာမန်ပြည်သူတွေရဲ့ အခွင့်အရေးကို စာချုပ်စာတမ်းနဲ့ တကွ ပထမဆုံး အကြိမ် အကာအကွယ် ပြုပေးလာတာ ဖြစ်ပါတယ်။

ပထမဆုံး မူကို ၁၂၁၅ မှာ ရေးဆွဲပါတယ်။ ရန်နီမိ(ဒ) Runnymede ဆိုတဲ့ သိမ်းမြစ်ကမ်းပါး တစ်နေရာမှာ ရှိတဲ့ အရပ်မှာ ရေးဆွဲတာ ဖြစ်ပါတယ်။

အဲဒီအချိန် အထက်မှာ ဆိုခဲ့သလို အင်္ဂလန်ရဲ့ ပြည့်ရှင်ဟာ ဂျွန်ဘုရင် ဖြစ်ပါတယ်။ ဂျွန်ဘုရင်ဟာ မြေရှင်တွေနဲ့ မတည့် ဖြစ်နေပါတယ်။ အဲဒီ မြေရှင်တွေကို ဘာရွန် baron တွေလို့ ခေါ်ပါတယ်။ ဂျွန်ဘုရင်ရဲ့ အုပ်ချုပ်ရေးနဲ့ အခွန်အတုပ်တွေ အပေါ် ဘာရွန်တွေ အတော်လေး မကျေမနပ် ဖြစ်နေခဲ့ကြပါတယ်။

လူကြိုက်မများတဲ့ ဘုရင်နဲ့ မြေရှင် သူပုန်တွေကြား အားပြိုင်မှုကနေ အဆုံးမှာတော့ ဘုရင်ဟာ သူ့ရဲ့ အာဏာ တချို့ကို စာချုပ်စာတမ်းနဲ့ တကွ လက်လွှတ်ပေးခဲ့ပါတယ်။ အဲဒီ စာချုပ်ဟာ မဂ္ဂနာ ကာတာ ဖြစ်လာတာပါ။

မဂ္ဂနာ ကာတာထဲမှာ တိုင်းပြည်ကို ဘုရင်က ဘယ်လို စီမံခန့်ခွဲ အုပ်ချုပ်သင့်တယ် ဆိုတဲ့ အခြေခံ အချက်တွေ ရေးထားပါတယ်။ အရေးကြီးဆုံး အချက်၊ လူ့သမိုင်း ဥပဒေသမိုင်းကို ပြောင်းသွားစေတဲ့ အချက်ကတော့ ဘုရင် အပါအဝင် ဘယ်သူမှ ဥပဒေအထက် မရှိဘူး "no one is above the law" ဆိုတဲ့ စကားရပ် ထည့်သွင်းထားပါတယ်။

အဲဒီ တော်ဝင်စာချုပ်ကို ဂျွန်ဘုရင်က လက်မှတ်ထိုးပါတယ် (အတိတကျ ပြောရရင်တော့ လက်မှတ်ထိုးတာ မဟုတ်ပါဘူး။ တံဆိပ်တော် ခတ်နှိပ် ပေးတာ ဖြစ်ပါတယ်)။ ဆိုလိုတာကတော့ စာချုပ်ပါ အချက်အားလုံးဟာ တိုင်းပြည်ထဲက တစ်ဦးတစ်ယောက် မကျန် အားလုံး အပေါ် သက်ရောက်သွားစေတာပဲ ဖြစ်ပါတယ်။

မူရင်း စာရွက် တစ်စောင် ရလာတဲ့ အခါ အဲဒီ စာရွက်ကို အကြိမ် ၂၅၀ နီးပါး မိတ္တူပွား ခဲ့ပြီး တိုင်းပြည်အနှံ့ ဖြန့်ဝေပါတယ်။ ဆိုလိုတာကတော့ တိုင်းပြည်ရဲ့ နေရာတိုင်းမှာ လိုက်လံ ကျင့်သုံးစေတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

နောက် ဘုရင်တွေ အဆက်ဆက် လက်ထက်မှာလည်း မဂ္ဂနာ ကာတာ မူ အသီးသီး ထပ်ဆင့် ထုတ်ပြန်ခဲ့ပါတယ်။ ၁၃၀၀ ပြည့်နှစ် အထိ ဖြစ်ပါတယ်။ အခု ဟားဗတ် ဥပဒေကျောင်းမှာ ရှိနေတဲ့ မူဟာ ၁၃၀၀ ပြည့်နှစ်က မူ ဖြစ်နိုင်တယ်လို့ ဆန်းစစ် ထားကြတာ ဖြစ်ပါတယ်။

မဂ္ဂနာ ကာတာ ပါ ဥပဒေ စည်းမျဉ်း တော်တော်များများကတော့ ဒီကနေ့ မျက်မှောက်ကာလမှာ ဥပဒေအဖြစ်တော့ တည်ရှိ မနေတော့ပါဘူး။ ဒါပေမယ့် မဂ္ဂနာ ကာတာဟာ အုပ်ချုပ်သူ ဘုရင် ဖြစ်စေ ဥပဒေကို လိုက်နာဖို့ လိုတယ်၊ လိုက်နာရမှာ ဖြစ်တယ် ဆိုတဲ့ အင်မတန် အရေးကြီးလှတဲ့ အခြေခံ အတွေးအခေါ်ရဲ့ မူလ ဇစ်မြစ် ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကနေ့ ဥပဒေရဲ့ အသက်ဝိဥာဥ်လို့ ခေါ်နိုင်တဲ့ လူတိုင်း မျှတတဲ့ တရားစီရင်မှု ရရှိပိုင်ခွင့် ရှိတယ် ဆိုတဲ့ အချက်နဲ့၊ လူတွေ အပေါ် ဝန်နဲ့ အား မမျှနိုင်လောက်တဲ့ အခွန် အတုပ် ကြီးလေးစွာ မကောက်ခံရဘူး ဆိုတဲ့ အခြေခံ အချက်တွေလည်းပဲ မဂ္ဂနာ ကာတာ ကနေ ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။