တရုတ်လူထုရဲ့ ဒေါသနဲ့ ကိုဗစ်ကြောက်ရွံ့မှုက ရှီကျင့်ဖျင်အတွက် သိက္ခာကျစရာ အခက်အခဲပြဿနာ ဖြစ်လာ

တရုတ်နိုင်ငံက လူဦးရေတစ်ဘီလျံဟာ  လွန်ခဲ့တဲ့ သုံးနှစ်တာကာလအတွင်းမှာ ကိုဗစ်စမ်းသပ်မှုတွေ တောက်လျှောက် ထပ်ခါတလဲလဲ လုပ်နေရတာ၊ တင်းကျပ်တဲ့ ကိုဗစ်လော့‌ဒေါင်း ချမှတ်မှုတွေအကြား စိတ်ကျဥ်းကျပ်စွာ နေခဲ့ရတာတွေကြောင့် စိတ်မရှည် ဖြစ်နေကြတာပါ။

အခုတော့ သူတို့ရဲ့ စိတ်ရှည်သည်းခံနိုင်မှု အတိုင်းအတာက ကုန်ဆုံးသွားခဲ့ပါပြီ။

 တရုတ်အစိုးရရဲ့ ကိုဗစ် ကန့်သတ်ချက်တွေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့  မြို့ကြီးမြို့ငယ်တွေမှာ လူတွေ ထောင်နဲ့ချီ လမ်းပေါ်ထွက် ဆန္ဒပြနေကြပြီး တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ရဲ့ ကိုဗစ်လုံးဝကင်းစင်ရေး Zero Covid မူဝါဒဒဏ်ကို ဘယ်လောက်အထိ ဆက်ခံနေကြရဦးမှာလဲဆိုတာကို မေးခွန်းတွေ ထုတ်လာကြပါတယ်။

 ဒီအခြေအနေဟာ  တရုတ်သမ္မတရှီအတွက် အကြီးမားဆုံး နိုင်ငံရေး စမ်းသပ်မှုတစ်ခုလို့ ဆိုနိုင်ပြီး  တရုတ်ကွန်မြူနစ်ပါတီ (CCP) အနေနဲ့ ဒေါသထွက်နေတဲ့ လူတွေနဲ့ ညှိနှိုင်းဖို့ ၊ တဖက်မှာလည်း အမြစ်တွယ်နေတဲ့ ကိုဗစ်ရောဂါကို ဘယ်လိုအမြစ်ဖြတ်မလဲဆိုတဲ့ နည်းလမ်းကိုပါ ရှာရတော့မှာ ဖြစ်ပါတယ်။

လူတွေရဲ့  ဒေါသကို လောင်ကျွမ်းစေတဲ့  မီး

တရုတ်ပြည် အနောက်ပိုင်း  အူရွမ်ကျီမြို့က တိုက်ခန်းတစ်ခန်း မီးလောင်ခဲ့တာကနေ နိုင်ငံတစ်ဝန်း ဆန္ဒပြမှုတွေ အခုလိုဖြစ်လာလိမ့်မယ်လို့ အစပိုင်းက ဘယ်သူမှထင်မိကြမှာ မဟုတ်ပါဘူး။  

ဒါပေမယ့်  လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့တဲ့ အဲဒီ့တိုက်ခန်းမီးလောင်မှုဟာ အထပ်မြင့်တိုက် ခန်းတွေမှာ  နေထိုင်နေရတဲ့ မြို့ပြက တရုတ်ပြည်သူ သန်းပေါင်းများစွာအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်ခဲ့သလို  ကိုဗစ်ကန့်သတ်မှုတွေပြင်းထန်ပြီး  လူနေအဆောက်အအုံတွေကို ပိတ်ဆို့ခံထားရ တာကြောင့် မသေသင့်ဘဲ မီးလောင် သေဆုံးခဲ့ရတာလို့ အာဏာပိုင်တွေကို တရုတ်လူထုက ပြစ်တင်ပြောဆိုနေပါတယ်။

 ဒါနဲ့ ပတ်သက်လို့ အကြောင်းရင်း မှန်ကန်မှုမရှိဘူးလို့ တရုတ်အာဏာပိုင်တွေက ငြင်းဆိုထားကြပေမယ့် မီးလောင်ခဲ့တဲ့နေရာက လူတွေ အားကိုးတကြီး အကူအညီတောင်းခံနေတဲ့ ဗီဒီယိုနဲ့ အသံဖိုင်တွေ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးနောက် လူထုအကြား ဒေါသအမျက် ပေါက်ကွဲတဲ့အထိ ဖြစ်လာခဲ့တာပါ။

 ဒီအဖြစ်အပျက်က ကိုဗစ်ကန့်သတ်ချက်တွေနဲ့ ဆက်စပ်နေတဲ့  ထိတ်လန့်စရာဇာတ်လမ်းတွေထဲက နောက်ဆုံးတစ်ခုလို့ ပြောရမှာပါ။

မြို့တွေကို  လော့ခ်ဒေါင်းချထားတဲ့ ကာလအတွင်း  ကျန်းမာရေးစောင့်ရှောက်မှုတွေ အချိန်မီမရတာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ရင်သွေးဆုံးရှုံးရတာမျိုး ရှိသလို အသက်ကြီးပြီး အားနည်းတဲ့သူတွေ ဆုံးပါးခဲ့ရတာမျိုးတွေနဲ့လည်း အစောပိုင်းက ကြုံခဲ့ရပါတယ်။

လော့ခ်ဒေါင်းချထားလို့ ကြုံရတဲ့ကိစ္စတွေထဲမှာ ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့ အခြေအနေ မထိန်းနိုင်မှုကြောင့်  အစားအစာနဲ့ ဆေးဝါးပြတ်လပ်မှုတွေ ကြုံရတာတွေလည်း အများကြီး ရှိခဲ့ပါတယ်။

ဒါ့အပြင်  လူတွေကို ကွာရန်တင်းစင်တာကို ပို့ဆောင်စဉ်အတွင်း လူဒါဇင်နဲ့ချီ ဘတ်စ်ကား မှောက်ပြီး သေဆုံးခဲ့တာမျိုး၊ ကွာရန်တင်းစင်တာတွေထဲမှာ ကလေးတွေ သေဆုံးတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

မကြာသေးခင်က ကျင်းပခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီ ညီလာခံမှာ သမ္မတရှီက ကိုဗစ်နဲ့ ပတ်သက်တဲ့ မူဝါဒအပြောင်းအလဲ ထုတ်ပြန်ကြေညာလိမ့်မယ်လို့ အများစုက မျှော်လင့်ထားကြပေမယ့် ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒကိုပဲ ဆက်ကျင့်သုံးမယ်လို့ ပြောလိုက်တာကြောင့်လည်း တရုတ်လူထုကို စိတ်ပျက်သွားစရာ ပိုဖြစ်လာစေခဲ့ပါတယ်။

ဒီမူဝါဒက တရုတ်နိုင်ငံကို ကမ္ဘာပေါ်မှာ ကိုဗစ်နဲ့ သေဆုံးမှုအနည်းဆုံးနိုင်ငံအဖြစ် အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ပြီး လူအများစုရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပေမယ့် တဖက်မှာလည်း လူတွေရဲ့ စွမ်းအားကို လျော့ပါးအားနည်းအောင် လုပ်သလိုဖြစ်ခဲ့ပါတယ်။

ကိုဗစ် ကန့်သတ်ချက်တွေအောက်မှာ  ဆင်းရဲဒုက္ခ အဖုံဖုံကို စုစည်း ခံခဲ့ကြရတာမို့ တရုတ်နိုင်ငံရဲ့ အဓိကမြို့ကြီးတွေကအစ ဝေးလံခေါင်သီတဲ့ ရှင်ကျန်းနဲ့  တိဘက်ဒေသပါမကျန် လူတွေကို ဒေါသအမျက် ထွက်လာစေခဲ့ပါတယ်။

တက္ကသိုလ်ကျောင်းသားတွေ၊ စက်ရုံအလုပ်သမား‌တွေ ၊ လူလတ်တန်းစားမိသားစုတွေနဲ့ အထက် တန်းလွှာတွေအပါအဝင် လူ့အဖွဲ့အစည်း  အစိတ်အပိုင်းတိုင်းမှာရှိတဲ့ လူတိုင်းကို ဒေါသထွက်အောင် မီးထိုးပေးသလိုဖြစ်ခဲ့ပါတယ်။

ဘေဂျင်းမြို့က အမျိုးသားတစ်ဦး တံတားပေါ်တက်ပြီး သမ္မတရှီကျင့်ဖျင်ကို ပြောင်ပြောင်တင်းတင်း ဝေဖန်ဆန္ဒပြခဲ့တာကြောင့် တရုတ်နိုင်ငံတွင်းမှာ အကြီးအကျယ် အံ့သြသွားခဲ့ရပြီး လူထုအကြား ရဲဆေးတင်ပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။

တရုတ်ပြည် အလယ်ပိုင်း ဂျန်ဂျူးမြို့က ရာနှင့်ချီတဲ့ စက်ရုံအလုပ်သမားတွေကလည်း  သူတို့ရဲ့ အခွင့်အရေးတွေအတွက် တောင်းဆိုခဲ့ကြပြီး ထောက်လှမ်းရေးကင်မရာတွေနဲ့  ပြတင်းတံခါးတွေပါ ရိုက်ခွဲခဲ့တဲ့အထိ ရဲနဲ့  ရုန်းရင်းဆန်ခတ် ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပါတယ်။

အနောက်တောင်ဘက်ခြမ်း ချုန်ကင်းမြို့က ဆန္ဒပြပွဲတစ်ခုမှာဆိုရင် နှာခေါင်းစည်း မတပ်ထားတဲ့ အမျိုးသားတစ်ဦးက "ငါ့ကို လွတ်လပ်ခွင့်ပေးပါ၊ ဒါမှမဟုတ်ရင်လည်း သေခွင့်ပေးပါ" လို့ ဆန္ဒပြသူ အများအပြားနဲ့အတူ  အော်ဟစ်တောင်းဆိုခဲ့ပါတယ်။

 အခုတော့ အူရွမ်ကျီမြို့မီးလောင်မှုကနေ ဆန္ဒပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်ဖြစ်လာခဲ့ပါပြီ။  

 အဲ့ဒီမြို့က လူရာနဲ့ ချီ လမ်းပေါ်  ပထမဆုံး ထွက်လာကြရာကနေ ရှန်ဟိုင်း၊ ဘေဂျင်း၊ ဝူဟန်၊ နန်ကျင်းနဲ့  ချန်ဒူးမြို့တွေမှာ ဆန္ဒပြပွဲတွေ ဆက်ပျံနှံ့သွားခဲ့အပြီး ရှီကျင့်ဖျင်နဲ့ တရုတ်ကွန်မြူနစ်ပါတီ ကလူတွေ ရာထူးကဆင်းပေးဖို့အထိ  တောင်းဆိုလာကြပါတယ်။

 ဒီလိုဆန္ဒပြပွဲတွေလုပ်ပြီး  ကွန်မြူပါတီနဲ့ ပါတီခေါင်းဆောင်တွေကို ဝေဖန်တဲ့ ကိစ္စမျိုးဟာ  ဆင်ဆာ ဖြတ်ခံရပြီး  ကြီးမားတဲ့ အပြစ်ဒဏ်တွေချမှတ်ခံရနိုင်တဲ့အတွက် အရင်က လုပ်ဖို့တောင် မတွေးရဲတဲ့ ကိစ္စမျိုးဖြစ်ပါတယ်။ 

 ကိုဗစ်မူဝါဒ သဘောထားကွဲလွဲမှုကနေ စတင်‌ပေါက်ကွဲလာတဲ့ ဒီဆန္ဒပြပွဲတွေကို  ထိန်းချုပ်နိုင်ဖို့ ခက်ခဲတယ်လို့ လေ့လာသူတွေကလည်း ပြောနေကြပါတယ်။

ဂျွန်ဟော့ပ်ကင်း တက္ကသိုလ် လူမှုဗေဒပညာရှင် ဟိုဖန်ဟွန်းက လက်ရှိဖြစ်နေတဲ့ အခြေအနေကို "ဆိုးရွားတဲ့ အခြေအနေ" အဖြစ် သုံးသပ်ပြီး ရှီကျင့်ဖျင်ရဲ့  အုပ်ချုပ်မှုအတွက် ပြင်းထန်တဲ့ ပထမဆုံး စမ်းသပ်မှုလို့ ပြောခဲ့ပါတယ်။

 ပြီးခဲ့တဲ့နှစ်နှစ်အတွင်း မစ္စတာရှီဟာ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ချမှတ်ပြီး တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်ခဲ့ပါတယ်။

ဆန္ဒပြပွဲတွေ ဆက်လက်ကြီးထွားလာရင်လည်း  သူအလုပ်နိုင်ဆုံးနည်းလမ်းက ခပ်ခွာခွာ နောက်ဆုတ်နေပြီး ဆန္ဒပြပွဲတွေကို ဖြိုခွင်းဖို့ ဒေသဆိုင်ရာအာဏာပိုင်တွေကို ဖိအားပေးမှာ ဖြစ်ပါတယ်။  

"ဒါပေမယ့်လည်း ဒေသဆိုင်ရာ အာဏာပိုင်တွေဘက်က တရုတ်ဗဟိုအစိုးရဲ့  ညွှန်ကြားချက်ကို လိုက်နာဖို့ ငြင်းဆိုနိုင်မယ့်အန္တရာယ် ရှိနေပြီး ချမှတ်ထားတဲ့  ကိုဗစ်တင်းကျပ်မှုတွေလည်း ပျက်ပြယ်သွားနိုင်တယ်။"လို့  နိုင်ငံခြားဆက်ဆံရေးကောင်စီ ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ အကြီးတန်းအရာရှိ ယန်ဂျုန်းဟွမ်းက ပြောပါတယ်။

ကိုဗစ်  ကြောက်ရွံ့ခြင်းနဲ့  ရွံရှာခြင်း

ဒါဆိုရင် အစိုးရအနေနဲ့ ဆန္ဒပြသူတွေရဲ့ စကားကို နားထောင်ပြီး ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒကို  ပြောင်းလဲ ပေးလာနိုင်မှာလား။

ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒကို ဖျက်သိမ်းမယ်ဆိုရင် မလုပ်မဖြစ် လုပ်ဖို့လိုအပ်တဲ့ ကိစ္စတွေက သေဆုံးမှုနဲ့ကူးစက်မှု နည်းပါးနေချိန်မှာ ကာကွယ်ဆေးထိုးတာတွေ နည်းနေသေးတဲ့ သက်ကြီးရွယ်အိုတွေကို ကာကွယ်ဆေးထိုးတာမျိုးတွေ၊ ထိရောက်မှုမြင့်မားတဲ့ ပြည်တွင်းကာကွယ်ဆေးတွေ မရှိသလောက် နည်းပါးနေတာကို ဖြည့်ဆည်းပေးနိုင်ဖို့ အတွက် နိုင်ငံခြားက ကာကွယ်ဆေးတွေကို အသုံးပြုဖို့ အစိုးရက ငြင်းဆန်နေတာတွေကိုပါ ပြင်ဆင်တာမျိုးတွေ လုပ်ရမှာ ဖြစ်ပါတယ်၊။

အောက်စ်ဖို့ဒ် တက္ကသိုလ် ခေတ်သစ် တရုတ်သမိုင်း ပါမောက္ခ ရာနာ မစ်တာ က “တရုတ် အစိုးရ အကျပ်အတည်း ဖြစ်နေပြီ” လို့ထောက်ပြခဲ့ပါတယ်။ အမျိုးသားရေးစိတ်ဓာတ် ဘေးဖယ်ထားပြီး နိုင်ငံခြားက ကာကွယ်ဆေးတွေ တင်သွင်းမလား၊  ဒါမှမဟုတ် ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒကို မပြောင်းဘဲ နယ်စပ်တွေကို  ဆက်ပိတ်ထားရမလားဆိုတာကို ဆုံးဖြတ်ချက်ချဖို့ အချိန်တန်ပြီလို့ ပြောပါတယ်။

 တရုတ်နိုင်ငံက ကိုဗစ်စည်းမျဥ်းတွေကို ဖြေလျှော့တဲ့အနေနဲ့  မကြာသေးခင်က ကွာရန်တင်း လုပ်ရမယ့် ကာလကို လျှော့ပေးခဲ့တာမျိုး၊ ကိုဗစ်ပိုးရှိတဲ့လူနဲ့ ဒုတိယ ထိတွေ့ ဆက်ဆံမိသူတွေကို မှတ်တမ်းတင်တာ ဆက်မလုပ်တော့တာမျိုးတွေကို ပြောင်းလဲ လုပ်ဆောင်ခဲ့ပါတယ်။

ဒါပေမယ့် ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒကနေ ကိုဗစ်ရောဂါကြီးနဲ့ လိုက်လျောညီထွေ နေထိုင်သွားမယ်ဆိုတဲ့ မူဝါဒကို ကူးပြောင်းခဲ့တဲ့ စင်္ကာပူနှင့် သြစတြေးလျတို့လို နိုင်ငံတွေမှာ တွေ့ခဲ့ရသလို  ကိုဗစ်ကူးစက်မှုတွေနဲ့ သေဆုံးမှုတွေ ထိုးတက်လာတာမျိုးကိုတော့ မူဝါဒပြောင်းတဲ့ အချိန်မှာ မလွဲမသွေကြုံလာရနိုင်ပါတယ်။

တရုတ်အာဏာပိုင်တွေကတော့ ဒီလိုရလဒ်မျိုး ဖြစ်လာမှာကို အခုအချိန်ထိ  လက်မခံချင် ကြသေးပါဘူး။

ဗိုင်းရပ်စ် ကူးစက်မှုရဲ့  လျင်မြန်တဲ့ ဆင့်ကဲဖြစ်စဉ်နဲ့  အစိုးရမှာရှိတဲ့ အကန့်အသတ် အရင်းအမြစ်တွေကြောင့် ရေရှည်မှာ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ထိန်းသိမ်းဖို့  ခက်ခဲတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပေမယ့် ဘေကျင်းနှင့် ဂွမ်ကျုန်းအပါအဝင် မြို့အများအပြားမှာ ကန့်သတ်ချက်အသစ်တွေကို အစိုးရက  ထပ်မံချမှတ်ခဲ့ပါတယ်။

"အစိုးရအနေနဲ့ သူတို့ လမ်းစဉ်ကို အခု ပြောင်းလဲချင်တယ်ဆိုရင်တောင် တစ်နိုင်ငံလုံး အတိုင်းအ တာအနေနဲ့  ရောဂါကူးစက်မှုကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ရင်ဆိုင်ရဖို့ရှိပါတယ်။ ပြဿနာကတော့ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့အတွက် နိုင်ငံတော်မှာ လုံလောက်တဲ့ စွမ်းဆောင်ရည် ဒါမှမဟုတ် လူထုရဲ့ ပံ့ပိုးကူညီမှု မရှိတော့တဲ့အချက် ဖြစ်ပါတယ်" လို့  နိုင်ငံခြားဆက်ဆံရေးကောင်စီ ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ အကြီးတန်းအရာရှိ ယန်ဂျုန်းဟွမ်းက ပြောပါတယ်။

 ပြဿနာ တစ်စိတ်တပိုင်းအနေနဲ့  ကိုဗစ်ကြောင့် သေဆုံးမှုများလာပြီး  လူမှုရေး မငြိမ်သက်မှုတွေဖြစ်လာမှာကို  တာဝန်ရှိသူတွေက  ကြောက်ရွံ့နေတာပါ။

ဒါပေမယ့် တရုတ်နိုင်ငံမှာ ကိုဗစ်  ဗိုင်းရပ်စ်ကို ကြောက်စရာကောင်းတဲ့  ရန်သူအဖြစ် ရှုမြင်ထားပြီး  တရုတ်အစိုးရက ကန့်သတ်ပိတ်ပင်မှုတွေ သုံးနှစ်ကြာ လုပ်ခဲ့တာကြောင့် တရုတ်လူထုကြားမှာ  ကိုဗစ် ကြောက်ရွံ့မှုတွေက ဆက်ရှိဆဲပါ။

ပြီးခဲ့တဲ့  ရက်သတ္တပတ်တွေအတွင်းကတင်  ရှီဂျာဂျွမ်းမြို့နဲ့ ဂျန်ဂျူးဒေသ Foxconn စက်မှုဇုန်က လူတွေကို ကိုဗစ်စစ်ဆေးခံတာတွေ မလုပ်ဘူးဆိုရင်  “ ဆေးသုတေသနအတွက် တိရစ္ဆာန်တွေကို အသုံးပြုသလိုမျိုး အသုံးပြုခံရမယ်ဆိုတဲ့ ကောလာဟာလတွေ ထွက်ပေါ် ပျံ့နှံ့ခဲ့ပါတယ်။  

 ဒီကောလဟာလတွေကြောင့် အဲဒီနေရာနှစ်ခုစလုံးကလူတွေ အထိတ်တလန့် ဖြစ်ခဲ့ကြပြီး ဂျန်ဂျူးစက်မှုဇုန်က အလုပ်သမားတွေ အများကြီး အလုပ်က ထွက်ကုန်ကြပါတယ်။

တစ်ချို့ကတော့ ကြောက်ရွံ့မှုတွေနေရာမှာ ဒေါသတွေနဲ့  အစားထိုးလိုက်ကြပါပြီ။ လတ်တလောဖြစ်ပွားနေတဲ့  ဆန္ဒပြပွဲတွေမှာဆို ဆန္ဒပြသူတွေက မျက်နှာမှာတပ်ထားရမယ့် နှာခေါင်းစည်းတွေတောင် မတပ်တော့ဘဲ လွတ်လပ်ခွင့်နဲ့ ကန့်သတ်ချုပ်ချယ်မှုတွေကို အဆုံးသတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

ဘယ်အချိန်မှာ ဘာတွေ နောက်ထပ် ဖြစ်လာဦးမလဲဆိုတာကိုလည်း အတိအကျ မသိရသေးပါဘူး။

ဒါပေမယ့် ရှီကျင့်ဖျင်နဲ့ တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ကတော့  ကိုဗစ်ရောဂါ မူဝါကနေ ဆက်စပ် ပေါ်ထွက်လာတဲ့ မီးခိုးကြွက်လျှောက် ပြဿနာကြီးကို ရင်ဆိုင်ဖြေရှင်းရဖို့ ရှိနေပါတယ်။