မတ် ၇ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ်- လိုင်စင်မဲ့ယာဉ်တွေကို စက်သုံးဆီမရောင်းဖို့ ဘားအံမှာကန့်သတ်

ဖတ်ရန်အချိန်: မိနစ် ၁၃

လိုင်စင်မဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို စက်သုံးဆီ လုံးဝမရောင်းဘဲ လိုင်စင်ပြနိုင်တဲ့ ယာဉ်တွေကိုသာ ရောင်းချပေးတဲ့စနစ်ကို မတ် ၇ ရက် ဒီနေ့မှာ စတင်လိုက်တယ်လို့ ဘားအံမြို့ခံတွေက ပြောပါတယ်။

အရင်ရက်တွေက လိုင်စင်ရှိတဲ့ ယာဉ်တွေသာမက လိုင်စင်မဲ့ယာဉ်တွေကိုပါ စက်သုံးဆီဆိုင်တွေက ရောင်းချပေးတာကြောင့် အနည်းဆုံး အချိန် ၃ နာရီစောင့်ဆိုင်း၊ တန်းစီပြီးမှ ဆီဝယ်ခွင့်ရတယ်လို့လည်း ပြောပါတယ်။

မတ် ၇ ရက်မှာတော့ မြို့နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကညန) ဝန်ထမ်းတွေက စောင့်ကြပ်ပြီး လိုင်စင်မဲ့ယာဉ်တွေကို ဆိုင်အတွင်း ဝင်ခွင့်မပေးဘူးလို့ သိရပါတယ်။

"ဘားအံမြို့မှာက လိုင်စင်မဲ့ယာဉ်တွေက စျေးပေါပြီး ဝယ်လို့လွယ်တာကြောင့် လိုင်စင်မဲ့တွေများတယ်။ အခု လိုင်စင်မဲ့တွေကို ဆီမရောင်းဘူးဆိုတော့ တန်းစီရတာ ၁၅ မိနစ်လောက်ပဲ ကြာတော့တယ်။ တော်တော်သိသာတယ်"လို့ ဘားအံမြို့ခံက ပြောပါတယ်။

အီရန်နဲ့ အမေရိကန်-အစ္စရေး စစ်ပွဲတွေကြောင့် စက်သုံးဆီတွေ ပြတ်တောက်မသွားအောင် ခြိုးခြံချွေတာဖို့ဆိုပြီး မတ် ၇ ရက်ကစပြီး ကားနံပတ် 'စုံ' 'မ' ခွဲပြီး မောင်းနှင်ဖို့ကို စစ်ကော်မရှင်က ကန့်သတ်ထားတာပါ။

မ ဂဏန်းကျတဲ့ မတ် ၇ ရက်မှာ စုံ ဂဏန်းနဲ့ မောင်းလာတဲ့ ယာဉ်တွေကိုလည်း ဖမ်းဆီးပညာပေးတာတွေ လုပ်နေတယ်လို့လည်း ကိုယ်တိုင်အဖမ်းခံရသူတွေက လူမှုကွန်ရက်မှာ ရေးသားထားကြပါတယ်။

လေကြောင်းဗုံးကြဲခံရလို့ ‌ဖားကန့်က ကလေးမိခင်တစ်ယောက်သေဆုံး

ဒီနေ့မွန်းလွဲပိုင်းမှာ စစ်တပ်ကလေကြောင်းဗုံးကြဲတာကြောင့် ဖားကန့်မြို့နယ်မှာ သုံးနှစ်အရွယ် ကလေးတစ်ယောက် ပြင်းထန်တဲ့ ဒဏ်ရာရပြီး မိခင်ဖြစ်သူကတော့ နေရာမှာတင် သေဆုံးတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဘီဘီစီကို ပြောပါတယ်။

လေကြောင်းဗုံးကြဲခံရတဲ့ နေရာဟာ တာမခန်ကျေးရွာ၊ ရှင်တစ်ထောင်ကုန်းမှာရှိတဲ့ ကျောက်စိမ်းလုပ်ကွက်ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေတာ မရှိဘူးလို့လည်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဘီဘီစီကို ပေးပို့လာတဲ့ ရုပ်သံမှတ်တမ်းမှာ ကောင်းကင်မှာ ပျံသန်းနေတဲ့ ဂျက်လေယာဉ်တစ်စင်းကနေ ပစ်ခတ်သံတချို့ ကြားရပြီး ဗုံးကျ ပေါက်ကွဲတဲ့ နေရာက နေအိမ်တွေ ပျက်စီးနေတာလည်း တွေ့ရပါတယ်။

ဒါ့အပြင် မိသားစုတွေ စုဝေးထိုင်စကားပြောလေ့ရှိတဲ့ ဧည့်ခန်းက ခုံတွေဘေးမှာ လဲကျသေဆုံးနေတဲ့ အမျိုးသမီးတစ်ယောက်ကိုလည်း တွေ့ရပါတယ်။

သေဆုံးအမျိုးသမီးရဲ့ သုံးနှစ်အရွယ် ကလေးငယ်ကလည်း ဒဏ်ရာပြင်းထန်လို့ ဆေးရုံတင်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒူဘိုင်းလေဆိပ် ယာယီပိတ်

ကမ္ဘာပေါ်မှာခရီးသွားအများဆုံးထဲကတစ်ခုဖြစ်တဲ့ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လုပ်ငန်းစဉ်အားလုံးကို ယာယီရပ်ဆိုင်းထားလိုက်ပြီလို့ လေဆိပ်က ထုတ်ပြန်ထားပါတယ်။

ဒူဘိုင်းက လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ ဒုံးကျည်အန္တရာယ်တစ်ခုကို တုံ့ပြန်ခဲ့ပြီးနောက်အခုလိုဖြစ်လာတာပါ။

ခရီးသည်တွေ၊လေဆိပ်ဝန်ထမ်းတွေနဲ့ လေကြောင်းလိုင်းဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် ဒီလိုရပ်ဆိုင်းထားရတာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အမ်းမရိတ်လေကြောင်းလိုင်းကလည်း ဒူဘိုင်းလေယာဉ်ခရီးစဉ်အားလုံးကို ယာယီရပ်ဆိုင်းထားတယ်လို့ ထုတ်ပြန်ပြီးမှ ပြန်လည်ပတ်မယ်လို့ ထပ်ထုတ်ပြန်ပါတယ်။

ဒီမနက်အစောပိုင်းမှာလည်း အီရန်နိုင်ငံမြို့တော် တီဟီရန်က မာရာဘတ်လေဆိပ်မှာ ပေါက်ကွဲမှုတွေရှိကြောင်း သတင်းတွေထွက်လာခဲ့ပြီး မျက်မြင်သက်သေတွေကတော့ အဲ့ဒီနေရာတစ်ဝိုက်မှာ ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုတွေရှိနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

မာရာဘတ်လေဆိပ်ဟာ တီဟီရန်မှာ တစ်ချိန်က အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်ခဲ့ပေမဲ့ လက်ရှိမှာတော့ ပြည်တွင်းခရီးစဉ်တွေကိုပဲ အဓိကထားတာဝန်ယူထားပါတယ်။

အဲဒီနေရာဟာ အီရန်ရဲ့ ကာကွယ်ရေးနယ်ပယ်နဲ့ ပတ်သက်မှုရှိတဲ့ လေကြောင်းကုမ္ပဏီအများအပြားဖွင့်လှစ်ထားရာနေရာဖြစ်ပါတယ်။

အရင်နှစ် ဇွန်မှာ အစ္စရေးက အီရန်ရဲ့ နျူကလီးယားစက်ရုံတွေကို တိုက်ခိုက်မှုလုပ်တုန်းကလည်း လေဆိပ်ကို အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

အခုအချိန်မှာတော့ မာရာဘတ်လေဆိပ်ရှိရာကို မီးသတ်ယာဉ်တွေ၊ အရေးပေါ်လူနာတင်ယာဉ်တွေ များစွာသွားရောက်နေတာကို မြင်တွေ့နေရပါတယ်။

တီဟီရန်မြို့က မာရာဘတ်လေဆိပ်ရှိရာဘက်မှာ မီးခိုးလုံးကြီးတွေထွက်နေကြောင်း ဓာတ်ပုံတွေအရ သိရပါတယ်။

တစ်ဘက်မှာတော့ အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့စတင်တိုက်ခိုက်ချိန်ကစလို့ ပထမဆုံးအကြိမ်အဖြစ် ဒိုဟာကနေ ကာတာလေကြောင်းလိုင်းက လေယာဉ်ခရီးစဉ်တစ်ခု စတင်ထွက်ခွာခဲ့ပါတယ်။

လေယာဉ်ဟာ ဒိုဟာကနေ ထွက်ခွာပြီး ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ဦးတည်သွားရောက်နေတာဖြစ်တယ်လို့ လေကြောင်းသွားလာမှုခြေရာခံတဲ့ဝက်ဘ်ဆိုက်တွေအရ သိရပါတယ်။

ပါရီ၊ မက်ဒရစ်၊ ရောမနဲ့ ဖရန့်ဖွတ်တို့ကို ဦးတည်တဲ့ ခရီးသည်နေရာရွှေ့ပြောင်းပေးရေးခရီးစဉ်များကို တာဝန်ယူလုပ်ဆောင်ပေးမှာဖြစ်ပြီး သက်ကြီးရွယ်အိုတွေ၊ မိသားစုတွေ၊ ကျန်းမာရေးအရ အရေးပေါ်ကုသမှုလိုအပ်သူတွေ၊ ခရီးသွားရန်လိုအပ်နေသူတွေကို ဦးစားပေးပို့ဆောင်ပေးမှာဖြစ်တယ်လို့ ကာတာလေကြောင်းလိုင်းက ထုတ်ပြန်ထားပါတယ်။

Study Visa ဆိုင်းငံ့မှု နောက်ဆက်တွဲ မရေရာမှုတွေနဲ့ စိုးရိမ်မှုတွေဖြစ်ရတဲ့အတွက် ဗြိတိသျှကောင်စီ တောင်းပန်

မြန်မာကျောင်းသားတွေကို ပေးတဲ့ ကျောင်းသားဗီဇာ/ ပညာသင်ယူခွင့် ဗီဇာ (Study Visa) ယာယီဆိုင်းငံ့မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ မရေရာမှု၊ စိုးရိမ်မှုတွေအတွက် တောင်းပန်တဲ့အကြောင်း ရန်ကုန်မှာရှိတဲ့ ဗြိတိသျှကောင်စီ(British Council) ရုံးက မတ်လ ၆ ရက်မှာ ထုတ်ပြောလာပါတယ်။

ယူကေအစိုးရရဲ့ဗီဇာဆိုင်းငံ့မှုဟာ ယူကေမှာ ပညာသင်ယူချင်တဲ့သူတွေ ဒါမှမဟုတ် ပညာသင်ဖို့ လျှောက်လွှာတင်နေတဲ့ကျောင်းသားတွေနဲ့ ကျောင်းလျှောက်လုပ်ငန်းစဉ်မှာ ပံ့ပိုးကူညီနေတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေအတွက် စိုးရိမ် ပူပန်စရာဖြစ်တယ်ဆိုတာကိုလည်း နားလည်ကြောင်း ဗြိတိသျှကောင်စီက ပြောပါတယ်။

ကျောင်းသားဗီဇာ/သင်ကြားရေးဗီဇာ (Study Visa) နဲ့လာပြီး နိုင်ငံရေးခိုလှုံသူတွေ များလာတာကြောင့် မြန်မာ၊ အာဖဂန်နစ္စတန်၊ ဆူဒန်နဲ့ ကင်မရွန်းစတဲ့ ၄ နိုင်ငံကို ဗီဇာပေးတာ ရပ်ဆိုင်းကြောင်း ယူကေ အစိုးရက မတ် ၄ ရက်က ထုတ်ပြန်ပါတယ်။

ဒီလိုရပ်ဆိုင်းလိုက်တာဟာ ယူကေလူဝင်မှုကြီးကြပ်ရေးစနစ်ရဲ့ စနစ်ကျမှုနဲ့ သမာသမတ်ကျမှုတွေကို ထိန်းသိမ်းကာကွယ်ဖို့ ရည်ရွယ်တာလို့လည်း ဆိုပါတယ်။

ရန်ကုန်က ဗြိတိသျှကောင်စီရုံးကတော့ ယူကေပညာရေးကို မြန်မာကျောင်းသားတွေရဲ့ စိတ်ဝင်စားမှုနဲ့ အရည်အချင်းပြည့်မီတဲ့ကျောင်းသားတွေရဲ့ ရည်မှန်းချက်တွေကိုလည်း အသိအမှတ်ပြု တန်ဖိုးထားတယ်လို့လည်း သူတို့ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

ယူကေနိုင်ငံကို ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း ကျောင်းသားဗီဇာနဲ့ ယူကေကို တရားဝင်ရောက်လာခဲ့ပြီးမှ နိုင်ငံရေးခိုလှုံခွင့်လျှောက်သူ သုံးဆကျော်များလာပါတယ်။

နိုင်ငံရေးခိုလှုံခွင့်လျှောက်သူအရေအတွက်ရဲ့ ၁၃ ရာခိုင်နှုန်းဟာ ကျောင်းသားဗီဇာနဲ့ရောက်လာသူတွေဖြစ်ပြီး အဲဒီထဲမှာ မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားတာက ၁၆ ဆ မြင့်လာပါတယ်။

အသိပေးပြင်ဆင်ချက်- ယခုသတင်းနဲ့ပတ်သက်၍ ထပ်မံစိစစ်ချက်အရ British Council ရဲ့ ထုတ်ပြန်စာဟာ ဗီဇာဆိုင်းငံ့မှုနဲ့ပတ်သက်ပြီး ယူကေအစိုးရရဲ့မူရင်းထုတ်ပြန်ချက်ကို ကိုးကားချက်ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံအခြေစိုက် ပညာရေး၊ ယဉ်ကျေးမှုနဲ့ အင်္ဂလိပ်ဘာသာ တိုးတက်ရေးပေါင်းကူးအစီအစဉ်များကို အာရုံစိုက်လုပ်ဆောင်တဲ့ British Council အနေနဲ့ သီးခြားထပ်မံထုတ်ပြန်တာမဟုတ်သလို ဗီဇာကိစ္စနဲ့ပတ်သက်လို့ ယူကေအစိုးရသာ ဆုံးဖြတ်ခွင့်ရှိတာဖြစ်ကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။

SRA တပ်ဖွဲ့ဝင်တချို့ကို ထိန်းသိမ်းထားတဲ့အပေါ် NUG စစ်ရုံးချုပ်နဲ့ တိုက်ရိုက်ညှိနှိုင်းနေ

နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု- SRA တပ်ဖွဲ့ဝင်တချို့ကို အမျိုးသားညီညွတ်ရေးအစိုးရ- NUG လက်အောက် အမှတ် ၁ စစ်ဒေသက ဖမ်းဆီးထိန်းသိမ်းထားတာကြောင့် စစ်ရုံးချုပ်နဲ့ တိုက်ရိုက်ညှိနှိုင်းနေတယ်လို့ SRA အဖွဲ့ဝင် မောင်ဆောင်းခက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

SRA အဖွဲ့ဝင် အမျိုးသားလွတ်မြောက်ရေးတပ် (NLA) ခေါင်းဆောင် ကိုဇီးကွက်နဲ့ ရဲဘော်တချို့ကို လက်နက်တွေသိမ်းပြီး ထိန်းသိမ်းခံထားရတာလို့လည်း သိရပါတယ်။

အချင်းချင်း ကျည်ပေါက်တဲ့ကိစ္စမဖြစ်ဖို့ NUG နဲ့ SRA ဆွေးနွေးခဲ့တယ်ဆိုတဲ့ ရုပ်သံအင်တာဗျူးကို ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူးကို မတ် ၆ ရက်မှာ ထုတ်လွှင့်တာ တွေ့ရပါတယ်။

အင်တာဗျူးဖြေပြီးနောက်ရက်မှာ SRA အဖွဲ့ဝင် တပ်ဖွဲ့တချို့က ခေါင်းဆောင်ပိုင်းနဲ့ ရဲဘော်တွေကို NUG ကွတ်ကဲမှုအောက် အဖွဲ့အစည်းတွေက ဖမ်းဆီးတာရှိတယ်လို့ SRA ဦးဆောင်ကော်မတီဝင် ကိုမင်းဟန်ထက်က လည်း လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

တပ်ဖွဲ့ဝင်ဘယ်လောက်ကို ဘယ်နေရာမှာ အဖမ်းအဆီးခံရတယ်ဆိုတာကို မောင်ဆောင်းခကို မေးမြန်းပေမဲ့ ပြန်လည်ဖြေဆိုတာမရှိသလို ကိုမင်းဟန်ထက်ကိုလည်း ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

ပုလဲမြို့နယ်က ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်-BNRA ကို NUG ရဲ့ တပ်ရင်းတွေ ဖေဖော်ဝါရီ လလယ်မှာ ဝင်ရောက်တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

အဲဒီကာလတုန်းကလည်း လက်နက်နဲ့ မဖြေရှင်းဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကို SRA က တရားဝင်စာပေးပို့ခဲ့သလို ဗိုလ်နဂါးတို့နဲ့ ညတွင်းချင်းတွေ့ပြီး ဆွေးနွေးအဖြေရှာခဲ့တယ်လို့ မောင်ဆောင်းခက ရေးထားပါတယ်။

ပုလဲမြို့နယ်ထဲမှာ ပိတ်မိနေတဲ့ SRA အဖွဲ့ဝင် Generation Z Army (GZA) ရဲဘော်တွေကို ဆွဲထုတ်၊ ရွှေ့ပြောင်းပေးနိုင်ခဲ့ပေမဲ့ စခန်းတွေမှာ ထားခဲ့ရတဲ့ လက်နက်တွေကိုတော့ လက်ရှိအချိန်အထိ ပြန်မရသေးဘူးလို့လည်း သိရပါတယ်။

SRA- နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုထဲမှာ ဗမာပြည်သူလွတ်မြောက်ရေးတပ်တော် (BPLA)၊ ချင်းညီနောင်(CB)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF)၊ Generation Z Army (GZA)၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့ပါဝင်တာ ဖြစ်ပါတယ်။

NUG တပ်ရင်းတွေက SRA တပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးထားတယ်ဆိုတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို ဆက်သွယ်မေးမြန်းပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

စစ်တွေမြို့ဆေးရုံအပါအဝင် နေရာသုံးခုကို လက်နက်ကြီးကျည်ကျ

ရခိုင်ပြည်နယ်မြို့တော်၊ စစ်တွေမြို့ထဲက ပြည်သူ့ဆေးရုံ၊ ဥပဒေရုံးနဲ့ ရေအရင်းအမြစ်ရုံးတွေအနီးကို မတ် ၇ ရက် မနက်ပိုင်းက လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တွေမြို့ ပြည်သူ့ဆေးရုံရဲ့ ဆေးသိုလှောင်အဆောင်နားကို လက်နက်ကြီးကျည် ကျပြီး ပေါက်ကွဲတာကြောင့် ဆေးတချို့လည်း မီးလောင်ပျက်စီးတယ်လို့ စစ်တွေမြို့ခံက ပြောပါတယ်။

ဘယ်တပ်ဖွဲ့က ပစ်ခတ်တယ်ဆိုတာ မသိရသေးသလို လူထိခိုက်ဒဏ်ရာရတဲ့အခြေအနေကိုလည်း အသေးစိတ်မသိရသေးပါဘူး။

အာရက္ခတပ်တော်-အေအေက တိုက်ခိုက်တာကြောင့် ရွှေမင်းဂံရေတပ်စခန်းနားမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီကလည်း လက်နက်ကြီးတွေ၊ ဒရုန်းတွေ၊ ရေတပ်သင်္ဘောတွေသုံးပြီး တိုက်ခိုက်နေတယ်လို့ အေအေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ရွှေမင်းဂံရေတပ်စခန်းနဲ့ စစ်တွေမြို့ဟာ ၅ မိုင်ခန့်သာ ကွာဝေးပြီး တိုက်ပွဲက လက်နက်ကြီးပစ်ခတ်သံတွေကို မြို့ခံတွေ ကြားနေရတယ်လို့လည်း သိရပါတယ်။

အီရန်စစ်ပွဲကို အလွန်စိုးရိမ်တယ်လို့ စစ်ကော်မရှင်ထုတ်ပြန်

အရှေ့အလယ်ပိုင်းက အီရန်နဲ့ အမေရိကန်၊ အစ္စရေးတို့အကြား အပြန်အလှန် တိုက်ခိုက်တာတွေ ဖြစ်ပွားနေတဲ့အတွက် အလွန်စိုးရိမ်ပူပန်တယ်လို့ မြန်မာစစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ကမ္ဘာ့နိုင်ငံတွေအကြား ငြိမ်းငြိမ်းချမ်းချမ် အတူယှဉ်တွဲနေထိုင်ရေးမူ ၅ ရပ်ကို အခြေခံပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးတာတွေ၊ သံတမန်ရေး ကြိုးပမ်းတာတွေကသာ ပဋိပက္ခကို ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နေ့စဉ်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မြန်မာက အရှေ့အလယ်ပိုင်းအရေး စိုးရိမ်တယ်လို့ ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့အရှေ့အလယ်ပိုင်း ပဋိပက္ခတိုက်ခိုက်မှုတွေထဲ ပါဝင်တဲ့ နိုင်ငံတွေအနေနဲ့လည်း နိုင်ငံတိုင်းရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုကို အပြန်အလှန်လေးစားလိုက်နာဖို့နဲ့ တိုက်ခိုက်မှုတွေကို လျှော့ချပြီး ညှိနှိုင်းအဖြေရှာဖို့ တိုက်တွန်းတဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။

အမေရိကန်- အစ္စရေးတို့က အီရန်နိုင်ငံကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်မှာ တိုက်ခိုက်ခဲ့တာကြောင့် အီရန်ထိပ်ပိုင်းခေါင်းဆောင်တွေ သေဆုံးခဲ့ပါတယ်။

အီရန်နိုင်ငံကလည်း အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ မဟာမိတ်နိုင်ငံတွေကို ပြန်လည်တိုက်ခိုက်တာပါ။ မြန်မာနိုင်ငံကို အီရန်က လေယာဉ်ဆီ ထောက်ပံ့မှုတွေ ရှိနေတယ်လို့ နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

လွှတ်တော်နဲ့အစိုးရကြားအပြန်အလှန်ထိန်းကြောင်းရမယ် လို့ စစ်ခေါင်းဆောင်ပြော

လာမယ့်လွှတ်တော်နဲ့ အစိုးရသစ်ကြား အပြန်အလှန်ထိန်းကြောင်းကြရမှာဖြစ်တယ်လို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မနေ့ကလုပ်တဲ့ စီမံကိန်းကော်မရှင်အစည်းအဝေးမှာ ပြောပါတယ်။

မနေ့ကအစည်းအဝေးက အတည်ပြုလိုက်တဲ့၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းကို နိုင်ငံတော်တာဝန်လွှဲပြောင်းရယူမယ့်အစိုးရအဖွဲ့က သက်ဆိုင်ရာ လွှတ်တော်တွေရဲ့ သဘောတူညီချက်နဲ့ အကောင်အထည်ဖော်ကြရမယ်လို့ သူကပြောပါတယ်။

အစိုးရသစ်က နိုင်ငံ့တာဝန်တွေကို လွှဲပြောင်းယူတော့မှာ ဖြစ်တဲ့အတွက် ၂၀၂၁ ခုနှစ်ကစပြီး ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းနဲ့ စီမံကိန်းတွေကို ပြီးပြတ်အောင် ဆောင်ရွက်ဖို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒ့ါအပြင် ယခင်ကာလအဆက်ဆက်ကအကောင်အထည်ဖော်နေတာတွေကိုလည်း မှတ်တမ်းတွေနဲ့အတူ လွှဲပြောင်းပေးရမှာဖြစ်သလို သတ်မှတ်အချိန်အတိုင်း ပြီးမြောက်အောင် ဆောင်ရွက်ရမယ်လို့လည်း သိရပါတယ်။

စစ်ကော်မရှင်က ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းနဲ့ ကျင်းပပြီးနောက် အခု မတ် လလယ်ထဲမှာ လွှတ်တော်ခေါ်ယူပြီး အစိုးရသစ်ဖွဲ့စည်းတော့မှာ ဖြစ်ပါတယ်။