ဒေါ်နယ်ထရမ့်က အီရန်ရဲ့ ဒုံးကျည်တွေနဲ့ ဒုံးကျည်နယ်ပယ်ကို “အလုံးစုံ ပျက်သုန်းအောင်လုပ်မယ်” လို့ ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်ကို လေကြောင်းတိုက်ခိုက်တုန်းက ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူပြောခဲ့တဲ့အထဲမှာ ဒရုန်းတွေကိစ္စ မပါဝင်ခဲ့ပါဘူး။
အဲဒီနောက် တိုက်ခိုက်မှုဖြစ်တာ ၆ ရက်ကြာပေမဲ့ အီရန်ဟာ ဒေသတွင်းမှာ ဝရုန်းသုန်းကားအခြေအနေဖြစ်အောင်နဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေ မနိုင်တော့အောင် အရှေ့အလယ်ပိုင်းတလွှားကို တန်ဖိုးနည်းဒရုန်း အစင်းရေ ၂၀၀၀ ကျော် ပစ်ခဲ့ပါတယ်။
အသေခံဒရုန်းလို့ခေါ်တဲ့ ဒီ ‘ကာမီကာဇေ’ ရှာဟတ် ဒရုန်းတွေဟာ ထိမှန်တာနဲ့ပေါက်ကွဲစေမယ့် ဖောက်ခွဲရေးပစ္စည်းတွေ သယ်ဆောင်ပြီး ပျက်စီးအားလည်းရှိပါတယ်။ လက်ရှိမှာ ဒီလိုဒရုန်းနဲ့တိုက်ခိုက်လို့ အမေရိကန်တပ်ဖွဲ့ဝင်တွေ အများဆုံးသေဆုံးမှုဟာ ကူဝိတ်က အမေရိကန်စစ်စခန်းတစ်ခုမှာ ဖြစ်ပွားထားပါတယ်။ အဲဒီစခန်း ဒရုန်းနဲ့အတိုက်ခံရလို့ အမေရိကန်တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ပါတယ်။
တိုက်ခိုက်မှုအချို့ဟာ လူဦးရေထူထပ်တဲ့မြို့ကြီးတွေမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လမ်း လမ်းပေါ်က လူတွေ ကြောက်လန့်မှုဖြစ်စေခဲ့သလို ပင်လယ်ကွေ့ နိုင်ငံတွေက အစိုးရတွေကိုလည်း စိုးရိမ်မှု ထွက်ပေါ် စေခဲ့ပါတယ်။ အကဲခတ်အချို့ကတော့ ဒါဟာ ကြောက်စိတ်ဖြစ်အောင်လုပ်ဖို့ ကြိုးပမ်းတဲ့ အီရန်ရဲ့ဗျူဟာဖြစ်နိုင်တယ်လို့ ကောက်ချက်ချပါတယ်။ ပြီးတော့ ပဋိပက္ခ မြန်မြန်ရပ်သွားအောင် အမေရိကန်ကို ဆွဲခေါ်ဖို့ ဖိအားပေးတာလို့လည်း သုံးသပ်ကြပါတယ်။
အစစ်အမှန်ဖြစ်တယ်လို့ ဘီဘီစီက စိစစ်နိုင်ခဲ့တဲ့ရုပ်သံတစ်ခုမှာဆိုရင် အီရန် ဒရုန်းတွေဟာ ဘာရိန်းနိုင်ငံ၊ မာနာမာမှာရှိတဲ့အမေရိကန်ရေတပ်ရဲ့စခန်းမှာ တပ်ထားတဲ့ ရေဒါလို့ ယူဆရတဲ့နေရာကို မထိခင်မှာ အရှိန်ပြင်းပြင်းနဲ့ ကျလာနေတာကို တွေ့ရပါတယ်။ အဲဒီနောက် အပျက်အစီးတွေ ဖွာထွက်သွားပြီး အဆောက်အဦ အင်္ဂါရုပ်လည်း ပျက်ကာ မြေပေါ်ပြိုလဲခဲ့ပါတယ်။
နောက်ထပ် ရုပ်သံတစ်ခုကတော့ အာရပ်စော်ဘွားများပြည်ထောင်စု(UAE) မှာ ဒရုန်း တစ်စင်းဟာ ဒူဘိုင်းက လူလုပ်ကျွန်းဖြစ်တဲ့ ပမ်း ဂျူမဲရာပေါ်က ဟိုတယ်တစ်လုံးကို ထိတာကို မြင်ရပါတယ်။ ဒရုန်းကြောင့် မီးလုံးကြီး တောက်ခဲ့ပြီး ကျယ်လောင်တဲ့ပေါက်ကွဲသံကို မြို့ထဲမှာ ကြားခဲ့ရပါတယ်။
ဒေသတွင်းမှာ စွမ်းအင်ကဏ္ဍကို ဒရုန်းနဲ့တိုက်ခိုက်မှုကလည်း အတော်လေးရိုက်ခတ်မှုရှိပါတယ်။ ဆော်ဒီအာရေးဗျမှာဆိုရင် ပင်လယ်ကွေ့ကမ်းခြေက အကြီးဆုံးရေနံချက်စက်ရုံကြီး ရက်စ် တာနူရာဟာ ကြားဖြတ်ဟန့်တား ပစ်ချလိုက်တဲ့ ဒရုန်းကနေ ထွက်လာတဲ့အပျက်အစီးထိမှန်လို့ ထုတ်လုပ်ရေး ရပ်နားခဲ့ရပါတယ်။
ကာတာမှာတော့ ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့ရည် (LPG) တင်ပို့ နေရာဟာ အီရန် ဒရုန်းတွေရဲ့ ပစ်မှတ်ထားခံခဲ့ရတာကြောင့် အဲဒီဝင်းကြီး တစ်ခုလုံး ပိတ်ခဲ့ရပါတယ်။
ဒရုန်းတွေဟာ ဒီဇိုင်းရိုးရိုးရှင်းရှင်းနဲ့ ထုတ်လုပ်ရတာလည်း လွယ်ကူတာကြောင့် ဒေသတွင်းမှာ ပျက်စီးမှုတွေ သိသိသာသာဖြစ်ပေါ်နေစေပါတယ်။ ရှာဟတ် ၁၃၆ ဒရုန်း ဆိုရင် တာဝေးပစ် ဒရုန်းဖြစ်ပါတယ်။ အီရန်မှာ ထုတ်တဲ့ဒီဒရုန်းဟာ အမေရိကန်ဒေါ်လာ ၂ သောင်းနဲ့ ၅ သောင်းကြား ကုန်ကျစရိတ်ရှိမယ်လို့ ခန့်မှန်းရပါတယ်။
ပြီးခဲ့တဲ့ရက်တွေအတွင်း ဒေသတွင်းမှာ ရှာဟတ် ဒရုန်းရဲ့ထူးခြားချက် တဝီဝီမြည်တဲ့အသံကို ကြားခဲ့ရတဲ့ရုပ်သံကို ဖုန်းတစ်လုံးကနေ ရိုက်ကူးမိခဲ့ပါတယ်။ အောက်က ရုပ်သံမှာဆိုရင် ဒရုန်းထိမှန်လို့ ထွက်လာတဲ့အသံကို အတိုင်းသား ကြားနိုင်ပါတယ်။ ဒါဟာ ဘာရိန်းမြို့တော် မနာမာက အထပ်မြင့်အဆောက်အဦတွဲတွေထဲကို ကျခဲ့တာဖြစ်ပါတယ်။
တခြားစီးပွားဖြစ်ဒရုန်းတွေနဲ့မတူတာက ရှာဟတ်ဟာ လေထဲရောက်သွားပြီဆိုရင် အဝေးကနေ လှမ်းပြီး မထိန်းချုပ်နိုင်ပါဘူး။ အဲဒါကြောင့် စတင်ပစ်လွှတ်တာမလုပ်ခင်မှာ ပစ်မှတ်ထား သွားစေလိုတဲ့နေရာကို ရောက်အောင် ဂြိုဟ်တုနည်းပညာကိုသုံးပြီး အစီအစဉ်ထည့်သွင်းပေးရပါတယ်။ အနည်းဆုံး ကီလိုမီတာ ၂၅၀၀ အထိ ပျံသန်းနိုင်တာကြောင့် တီဟီရန်ကနေ အေသင်မြို့အထိ ပျံသန်းနိုင်ပါတယ်။
ဒီဒရုန်းတွေဟာ ပဲ့ထိန်းဒုံးကျည်တွေလောက် ပျံသန်းနှုန်း မမြင့်ပေမဲ့ ကိုယ်လုံးကိုယ်ထည်သေးတာ၊ ခပ်နိမ့်နိမ့်မှာ ပျံသန်းနိုင်တာတွေကြောင့် ရေဒါစနစ်ကနေ ဖမ်းယူလို့ ခက်သလို ဒုံးကျည်ခြိမ်းခြောက်မှုကို အာရုံစိုက်ထောက်လှမ်းတဲ့သတိပေးစနစ်တွေကိုလည်း ရှောင်ကွင်းနိုင်ပါတယ်။
ရှာဟတ် ဒရုန်းတွေကို ရုရှားက ယူကရိန်းစစ်ပွဲမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေပါတယ်။ လူဦးရေထူထပ်တဲ့မြို့ကြီးတွေ၊ ဓာတ်အားပေးစက်ရုံတွေကို ထိခိုက်မှုအား များစေဖို့ အသုံးပြုပါတယ်။ အီရန်ဟာ ဒီဒရုန်းတွေကို သူ့မဟာမိတ် ရုရှားထံ ပြီးခဲ့တဲ့နှစ်တွေအတွင်း တင်ပို့ထားပါတယ်။ ပြီးတော့ ရုရှားကလည်း အီရန်ရဲ့ဒရုန်း ဒီဇိုင်းကို အခြေတည်ပြီး သူ့ကိုယ်ပိုင်ဟန်နဲ့ ဒရုန်းမျိုးကွဲတွေကို ထုတ်လုပ်နေပါတယ်။
အမေရိကန် မရိန်းတပ်ဖွဲ့ဝင်ဟောင်းလည်းဖြစ်၊ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ ဒုတိယလက်ထောက်ဝန်ကြီးလည်းဖြစ်တဲ့ မစ်ခ် မက်ရွိုင်းကတော့ အရင်ပဋိပက္ခတွေမှာ ဒီဒရုန်းတွေဟာ ထိရောက်တယ်ဆိုတဲ့မှတ်တမ်းမှတ်ရာတွေ ရှိနှင့်ထားပြီးဖြစ်တာကြောင့် အမေရိကန်ကလည်း သူ့ကိုယ်ပိုင်ဟန် ဒရုန်းကို တီထွင်ခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။
လူးကပ်စ်(တန်ဖိုးနည်းပြီး လူမပါတဲ့ တိုက်ခိုက်ရေးစနစ်) လို့ခေါ်တဲ့ ဒရုန်းကို အမေရိကန်ဘက်က တိုက်ရေးခိုက်ရေးအတွက် ပြီးခဲ့တဲ့ရက်တွေအတွင်းမှာ အသုံးပြုခဲ့တယ်လို့ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်တပ်ဖွဲ့တွေရဲ့အကြီးအကဲ ရေတပ်ဗိုလ်ချုပ် ဘရတ် ကူးပါးက ပြောပါတယ်။ အီရန်ရဲ့ ဒီဇိုင်းကိုအခြေခံပြီး “အီရန်ကို ပြန်ပစ်ဖို့ သူတို့ထက် ပိုကောင်းအောင်လုပ်ခဲ့တယ်”လို့ဆိုပါတယ်။
အမေရိကန်ဟာ ဒရုန်းအစင်းရေ ဘယ်လောက်များများ ဖြန့်ကြက်ထားတယ်ဆိုတာ သတင်းမထုတ်ပေမဲ့ အီရန်က ဒရုန်းဘယ်နှစင်း ပစ်လွှတ်နေတယ်ဆိုတာကိုတော့ အချက်အလက်တွေ ထွက်လာနေပါတယ်။ ယူအေအီးကတော့ သူတို့နိုင်ငံထဲကို အီရန်ဘက်က ပစ်တဲ့ ဒရုန်းအရေအတွက် အစင်းရေ ၁၀၀၀ ကျော်ပြီလို့ပြောပြီး အဲဒီထဲက ၇၁ စင်းသာ နိုင်ငံ့ကာကွယ်ရေးစနစ်ထဲကို ရောက်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဒရုန်းတွေကို ကြားဖြတ်ချတဲ့နေရာမှာလည်း တန်ဖိုးတစ်ခု ကပ်ပါလာပြန်ပါတယ်။
ရှာဟတ် ဒရုန်းကို နည်းလမ်းအချို့နဲ့ ဖြတ်ချပစ်နိုင်ပါတယ်။ GPS နဲ့ ကြားဖြတ်တာ၊ လေဆာလက်နက်နဲ့ပစ်တာမျိုးတွေ လုပ်နိုင်ပါတယ်။ ဒါပေမဲ့ အခုအထိတော့ အဲဒီဒရုန်းအများစုကို တိုက်လေယာဉ်ကနေ လေထုထဲမှာပဲ ဒုံးကျည်နဲ့ပြန်ပစ်ခတ်တာ၊ စျေးကြီးတဲ့ မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်ကာကွယ်ရေးစနစ်နဲ့ ပစ်ချတာတွေလုပ်ထားပါတယ်။
၂၀၂၄ ခုနှစ်တုန်းက အီရန်က အစ္စရေးကို ဒရုန်းရာချီနဲ့ ပစ်တုန်းက ဗြိတိန် လေတပ်ဟာ တစ်စင်းကို ပေါင် ၂ သိန်းနီးပါးခန့် ကုန်ကျတဲ့ဒုံးကျည်တွေကို တိုက်လေယာဉ်တွေကနေ ပစ်ခတ် ဖြတ်ချခဲ့ရပါတယ်။ အောက်က ရုပ်သံမှာတော့ အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို ပေါင်းတိုက်တဲ့စစ်ပွဲ ပထမသီတင်းပတ်မှာ ဂျော်ဒန်လေပိုင်နက်ထဲမှာ ဗြိတိန်လေတပ်တိုက်လေယာဉ်တစ်စင်းက အလားတူ ဖြတ်ချမှုလုပ်ခဲ့တာကို ပြသနေပါတယ်။
အီရန်ဘက်က ဒရုန်းနဲ့ ဒုံးကျည်တွေ တွင်တွင်ကျယ်ကျယ်သုံးနေတာဟာ အမေရိကန်နဲ့ သူ့မဟာမိတ်တွေကို စုဆောင်းထားတဲ့ ကြားဖြတ်ဟန့်တားရေးဒုံးကျည်တွေ ကုန်သွားအောင် လုပ်ဖို့ ရည်ရွယ်ချက်လည်းပါတယ်လို့ တတ်သိပညာရှင်များအဖွဲ့ American Enterprise Institute က အီရန်အရေးကျွမ်းကျင်သူ နစ်ကိုလက်စ် ကားလ်က ပြောပါတယ်။
ကားလ်ကတော့ အီရန်အုပ်စိုးသူတွေဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တစ်ယောက် အပစ်ရပ်သဘောတူညီချက်ကို လက်ခံလာအောင် အမေရိကန်နဲ့ ဒေသတွင်းက သူ့ရဲ့မဟာမိတ်တွေအပေါ်မှာ အကြောက်တရားနဲ့ စိတ်ပိုင်းဆိုင်ရာဖိအားဖြစ်အောင်လုပ်နေတာလို့လည်း သုံးသပ်ပါတယ်။
ဒါပေမဲ့ အီရန်ဟာ ဒီဖိအားကို ဘယ်လောက်အထိ ဆက်ပေးနိုင်မလဲဆိုတာ မရှင်းလှပါဘူး။ စစ်မတိုင်ခင်တုန်းကတော့ အီရန်ဟာ ရှာဟတ်ဒရုန်း အစင်းရေ ထောင်သောင်းချီကို ထုတ်လုပ်ထားတယ်လို့ နားလည်ရပါတယ်။ ဒါပေမဲ့ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို ပူးတွဲတိုက်ခိုက်တာတွေ ဘယ်တော့အထိ ကြာဦးမယ်ဆိုတာ မရှိနိုင်သေးသရွေ့ အီရန်ဘက်မှာလည်း သူစုဆောင်းထားတဲ့ ဒရုန်းတွေကို ဘယ်လောက်အထိ ကျန်ဦးမလဲဆိုတဲ့အပိုင်း ရှိနေပြန်ပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC)နဲ့ ဆက်နွှယ်တဲ့ Fars သတင်းဌာနက တနင်္လာနေ့တုန်းက ထုတ်ပြန်တဲ့ ရုပ်သံမှာတော့ မြေအောက် ဘန်ကာထဲမှာ ဒရုန်းတွေတန်းစီထားတဲ့အရုပ်မြင်ကွင်းတွေကို ပြသပါတယ်။ ဒါပေမဲ့ အဲဒီရုပ်သံကို ဘယ်တုန်းက ရိုက်ကူးထားလဲဆိုတာတော့ မသိရပါဘူး။
ကြာသပတေးနေ့တုန်းကတော့ အမေရိကန် ရေတပ်ဗိုလ်ချုပ် ကူးပါးက တိုက်ပွဲစဖြစ်ကတည်းကဆိုရင် အီရန်ဘက်ကနေ ဒရုန်းအသုံးပြုတဲ့အရေအတွက်ဟာ ၈၅ ရာခိုင်နှုန်းကျသွားပြီး ပဲ့ထိန်းဒုံးကျည်အသုံးပြုမှုဟာလည်း ၉၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီလို့ ပြောပါတယ်။
“ အီရန်ဟာ သူ့ရဲ့ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ဆက်ပြီးလုပ်နိုင်ဖို့ ရုန်းကန်နေရပါပြီ။ ဒါဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ရေးဖိအား ဆက်တင်းနေသရွေ့ ရှေ့လာမယ့်ရက်တွေအတွက် အခက်ကြုံစရာဖြစ်လာမှာပါ” လို့ ကားလ်က ပြောပါတယ်။
ရုပ်သံနဲ့ ဓာတ်ပုံ
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၊ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန၊ Fars သတင်းဌာန