သင့်အကြိုက်ဟင်းပွဲတွေ
ဘယ်လောက်တောင်တရှိန်ထိုးဈေးတက်နေလဲ။
ကြက်သားဟင်း (နှစ်ယောက်စာ)
ကုန်ကျစရိတ်တွေက အာဏာမသိမ်းခင်ကာလထက် ၅ ဆ ပိုပြီးဈေးကြီးသွားတာဖြစ်လို့ မြန်မာငွေကျပ် ၅,၃၀၀ ကျသင့်တယ် ဆိုပေမဲ့ လူနှစ်ယောက်စားသုံးလို့ရတဲ့ ကြက်သားဟင်းပမာဏ ကတော့ ထက်ဝက်ခန့် လျော့သွားပါတယ်။
ဒီဟင်းပွဲချက်ပြုတ်ရမှာလိုအပ်တဲ့ ပါဝင်ပစ္စည်းအားလုံးဈေးတက်ခဲ့ပြီး အဲဒီထဲက ကြက်သား၊ စားအုန်းဆီ၊ ကြက်သွန်နီ၊ နံနံပင်နဲ့ ဆား တို့ကတော့ ဈေးအတက်ဆုံး ဖြစ်ပါတယ်။
ကြက်သားဈေး က ၁၀ နှစ်တာအတွင်း အတက်အကျ အပြောင်းအလဲ ရှိခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ ၂၀၁၅ နဲ့ ယှဉ်ရင် ဈေးနှုန်းက ၃ ပုံ ၁ ပုံ ကျခဲ့ပေမဲ့ ၂၀၂၅ ခုနှစ်မှာ ၄၇၁ ရာခိုင်နှုန်းအထိ ဈေးတက်လာပါပြီ။
လက်ရှိ ကြက်သား ၁၀ ကျပ်သားကို မြန်မာငွေကျပ် ၄,၀၀၀ ရှိပါတယ်။
စားအုန်းဆီဈေးကို ပြီးခဲ့တဲ့ ၅ နှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၃ ဆ ကနေ ၅ ဆ အထိဈေးတက်လာပါတယ်။ စားအုန်းဆီ တစ်ပိဿာ ကို မြန်မာငွေကျပ် ၆,၀၆၀ ကျပ်ရှိရမယ်လို့ စစ်ကော်မရှင်က ဈေးနှုန်းသတ်မှတ်ထားပေမဲ့ ရန်ကုန်က ပြင်ပဈေးကွက်ထဲမှာတော့ ဆီဈေးက ၁၂,၀၀၀ ကျပ် အထိမြင့်တက်နေပါတယ်။
၂၀၂၀ ခုနှစ်မှာ ကြက်သွန်နီ တစ်ပိဿာ ကို ၃,၅၀၀ ကျပ်သာရှိခဲ့ပေမဲ့ လက်ရှိ ၂၀၂၅ ခုနှစ် မှာတော့ ငွေကျပ် ၁၀,၀၀၀ ဈေးဖြစ်လာတာကြောင့် ၃ ဆ နီးပါး အရှိန်အဟုန်နဲ့ ဈေးတက်ခဲ့တာကိုတွေ့ရပါတယ်။
ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ဂျင်း ဈေးနှုန်းကို ကြည့်မယ်ဆိုရင် ၁၀ ကျပ်သားကို မြန်မာငွေကျပ် ၈၀ သာရှိရာကနေ ကျပ် ၃၀၀ အထိဈေးတက်ပြီး ၂၀၂၅ ခုနှစ်မှာ ၂၇၅ ရာခိုင်နှုန်းအထိ စျေးတက်တဲ့သဘောပါ။
ဒီစားသောက်ကုန်တွေထဲ ကြက်သွန်နီကတော့ အများဆုံးဈေးတက်ခဲ့ပြီး တစ်ပိဿာကို ငွေကျပ် ၃,၀၀၀ အထိခုန်တက်တာကြောင့် ၄၀၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။
| ပါဝင်ပစ္စည်းများ | ၂၀၁၅ | ၂၀၂၀ | ၂၀၂၅ |
|---|---|---|---|
| ကြက်သား (၁၀)ကျပ်၊ | ၁၀၀၀ | ၇၀၀+စာ-၃၀% |
၄၀၀၀+၄၇၁% |
| စားအုန်းဆီ ၂ ဇွန်း (၂ ကျပ်သား) | ၃၀ | ၄၀+၃၃% |
၁၂၀-၂၄၀+၂၀၀-၅၀၀% |
| အလတ်စား ခရမ်းချဉ်သီး ၁ လုံး (၆ ကျပ်)၊ | ၉၀ | ၁၂၀+၃၃% |
၂၄၀+၁၀၀% |
| ကြက်သွန်နီ ၂လုံး (၁၀ကျပ်သား) | ၅၀ | ၆၀+၂၀% |
၃၀၀+၄၀၀% |
| ကြက်သွန်ဖြူ ၂ မွှာ (၀.၆ ကျပ်)၊ | ၉ | ၂၁+၁၃၃% |
၆၀+၁၈၆% |
| ငါးငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း (၁ ကျပ်သား) | ၆ | ၆၀% |
၁၅+၁၅၀% |
| 1/4 လက်ဖက်ရည်ဇွန်း။ နနွင်းမှုန့် (၀.၃ ကျပ်)၊ | ၂၃ | ၃၈+၆၅% |
၃၈၀% |
| ငရုတ်သီးအနီခြောက် ၃ တောင့် (၀.၅ ကျပ်)၊ | ၅၀ | ၅၀၀% |
၁၅၀+၂၀၀% |
| နံနံစိမ်း (၁ ကျပ်သား)၊ | ၄၀ | ၆၀+၅၀% |
၃၀၀+၄၀၀% |
| ဂျင်း ၂ ချပ် (၀.၃ ကျပ်)၊ | ၂ | ၃+၅၀% |
၉+၂၀၀% |
| မန်ကျည်းသီး လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း (၀.၂ ကျပ်) | ၇ | ၁၂+၇၁% |
၂၀+၆၇% |
| ဆား လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း (၀.၂ ကျပ်) | ၁ | ၂+၅၀% |
၈+၄၃၃% |
| စုစုပေါင်း | ၁,၃၀၈ | ၁,၁၁၂-၁၅.၀% |
၅,၂၆၀ - ၅,၃၈၀+၃၇၃%-၃၈၃% |
ကြက်ဥဟင်း (နှစ်ယောက်စာ)
ကြက်သားလိုပဲ ကြက်ဥဈေးဟာ အခုနှစ်ထဲ ၅ ဆခန့် ဈေးခုန်တက်ခဲ့ပါတယ်။ ဒါပေမဲ့ ရန်ကုန်မြို့ခံတွေ အတွက်တော့ ကြက်ဥဈေးတွေတက်နေပေမဲ့ ဝယ်ယူစားသုံးနိုင်ပါသေးတယ်။
၂၀၂၅ ခုနှစ်ပေါက်ဈေးတွေအရ လူ ၂ ယောက်စာအတွက် ကြက်ဥဟင်းချက်မယ်ဆိုရင် ၂,၃၀၀ ကနေ ၂,၅၀၀ ကျပ်အထိကျသင့်ပေမဲ့ ကြက်သားဟင်းချက်ဖို့ ကုန်ကျစရိတ်နဲ့ယှဉ်ရင်တော့ ဈေးထက်ဝက် သက်သာပါတယ်။
ငရုတ်သီးစိမ်းဈေးကတော့ ၁၀ နှစ်တာအတွင်း အတက်အကျအပြောင်းအလဲ ရှိခဲ့ပါတယ်။ အာဏာမသိမ်းခင်ကာလ ၂၀၂၀ က ငရုတ်သီးစိမ်းဈေးဟာ ၂၀၁၅ ခုနှစ်ဈေးနှုန်းရဲ့ ၃၃ ရာခိုင်နှုန်းအောက် လျော့ကျခဲ့ပါတယ်။ ၂၀၂၀ မှာ ငရုတ်သီးစိမ်း ၁၀ ကျပ်သား ဝယ်မယ်ဆိုရင် ၂၀၀ ကျပ်သာ ကျသင့်ခဲ့တာပါ။
ဒါပေမဲ့ ၂၀၂၅ ခုနှစ်မှာတော့ ဈေးအတက်ဆုံး ဟင်းချက်စရာပစ္စည်းစာရင်းထဲပါလာခဲ့ပြီး ၁,၂၀၀ ကျပ်အထိ ဈေးတက်လာပါတယ်။ ရာခိုင်နှုန်းနဲ့ ဆို ၅၀၀ ရာခိုင်နှုန်း အထိ ခုန်တက်သွားတာဖြစ်ပါတယ်။
အခုဆိုရင် ငရုတ်သီးအစိမ်းမှုန့် ၅ ကျပ်သားဈေးက ၁,၅၀၀ ကျပ်အထိရှိနေပြီး ၃ ဆ စျေးတက်လာပါတယ်။ အာဏာမသိမ်းခင် ၂၀၁၅ ခုနှစ်တုန်းက ကျပ် ၅၀၀ သာရှိပြီး ၅ နှစ်လုံးလုံး အဲဒီဈေးနှုန်းနဲ့သာ ဈေးငြိမ်နေခဲ့တာပါ။
၂၀၂၅ ခုနှစ်ထဲ ခရမ်းချဉ်သီး တစ်ပိဿာဈေးက ကျပ် ၄,၀၀၀ အထိဖြစ်လာပြီး ဈေး ၂ ဆ တက်လာပါတယ်။ ၂၀၂၀ တုန်းက အဲဒီဈေးတဝက်နဲ့ ခရမ်းချဉ်သီး တစ်ပိဿာဝယ်လို့ရခဲ့ပြီး ၂၀၁၅ တုန်းကဆို အဲဒီဈေးထက်တောင် သက်သာပါသေးတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက မြန်မာငွေကျပ် ၆၀၀ နဲ့ ကြက်ဥ ၁၀ လုံးဝယ်လို့ရခဲ့ပေမဲ့ အခုတော့ ၄,၅၀၀ ကျပ်ရှိမှသာ ဝယ်နိုင်မှာဖြစ်ပြီး ၆၅၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တာပါ။
နိုင်ငံတွင်း ကြက်ဥလုံလုံလောက်လောက် မရတာကလည်း ကြက်ဥစျေးတက်ရတဲ့အကြောင်းရင်းဖြစ်ခဲ့ပါတယ်။
နံနံပင်ကလည်း ဈေးအတက်ဆုံးဟင်းချက်စရာတွေထဲက တမျိုးဖြစ်ပြီး လွန်ခဲ့တဲ့ ၅ နှစ် က ဈေးနဲ့ ယှဉ်မယ်ဆိုရင် အခု ၂၀၂၅ ခုနှစ်မှာ ၄၀၀ ရာခိုင်နှုန်းအထိ တရှိန်ထိုး ဈေးတက်ခဲ့တာပါ။ နံနံပင် ၁ ကျပ်သားကို ငွေကျပ် ၃၀၀ ပေးပြီး ဝယ်နေရပါပြီ။
| ပါဝင်ပစ္စည်းများ | ၂၀၁၅ | ၂၀၂၀ | ၂၀၂၅ |
|---|---|---|---|
| ကြက်ဥ ၂ လုံး | ၁၂၀ | ၁၈၀+၅၀% |
၉၀၀+၄၀၀% |
| စားအုန်းဆီ ၂ ဇွန်း (၂ ကျပ်သား) | ၃၀ | ၄၀+၃၃% |
၁၂၀-၂၄၀+၂၀၀-၅၀၀% |
| ကြက်သွန်နီ ၂လုံး (၁၀ကျပ်သား) | ၅၀ | ၆၀+၂၀% |
၃၀၀+၄၀၀% |
| ကြက်သွန်ဖြူ ၂ မွှာ (၀.၆ ကျပ်)၊ | ၉ | ၂၁+၁၃၃% |
၆၀+၁၈၆% |
| ငရုတ်သီးစိမ်း ၃ တောင့် (၃ ကျပ်သား) | ၉၀ | ၆၀+စာ-၃၃% |
၃၆၀+၅၀၀% |
| ငရုတ်သီးအနီမှုန့် လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း (၀.၁ ကျပ်) | ၁၀ | ၁၀၀% |
၃၀+၂၀၀% |
| အလတ်စား ခရမ်းချဉ်သီး ၁ လုံး (၆ ကျပ်)၊ | ၉၀ | ၁၂၀+၃၃% |
၂၄၀+၁၀၀% |
| 1/4 လက်ဖက်ရည်ဇွန်း။ နနွင်းမှုန့် (၀.၃ ကျပ်)၊ | ၂၃ | ၃၈+၆၅% |
၃၈၀% |
| ငါးငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း (၁ ကျပ်သား) | ၆ | ၆၀% |
၁၅+၁၅၀% |
| မန်ကျည်းသီး လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း (၀.၂ ကျပ်) | ၇ | ၁၂+၇၁% |
၂၀+၆၇% |
| နံနံစိမ်း (၁ ကျပ်သား)၊ | ၄၀ | ၆၀+၅၀% |
၃၀၀+၄၀၀% |
| ဆား လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း (၀.၂ ကျပ်) | ၁ | ၂+၁၀၀% |
၈+၃၀၀% |
| စုစုပေါင်း | ၄၇၆.၀ | ၆၀၉.၀+၂၈% |
၂,၃၉၁ - ၂,၅၁၁+၂၇၃-၃၁၂% |
ကန်စွန်းရွက်ကြော် (နှစ်ယောက်စာ)
လူနှစ်ယောက်စာအတွက် ကန်စွန်းရွက်ကြော်စားမယ်ဆိုရင် မြန်မာငွေ ၁,၈၀၀ ကျပ် ကျသင့်မှာဖြစ်ပြီး ဒါကလွန်ခဲ့တဲ့ ၅ နှစ်က ဈေးနဲ့ ယှဉ်ရင် ၃ ဆ နီးပါး ဈေးတက်လာပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက ကန်စွန်းရွက်ကြော်အတွက် ကျပ် ၃၀၀ ရှိရုံနဲ့ လုံလောက်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ ၆၀၀ ကျပ်ကျသင့်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ်မှာ ကန်စွန်းရွက် တစ်စီးဈေးက ၈၀၀ ကျပ်ရှိပြီး တစ်စီးကို ကျပ် ၃၀၀ သာရှိခဲ့တဲ့ ၂၀၂၀ ကာလနဲ့ နှိုင်းယှဉ်ရင် ၁၆၇ ရာခိုင်နှုန်းဈေးတက်လာတာကိုတွေ့ရမှာပါ။
ငံပြာရည်တစ်လီတာဘူးရဲ့ ဈေးနှုန်းကလည်း ပြီးခဲ့တဲ့ ငါးနှစ်နဲ့ ယှဉ်မယ်ဆိုရင် အခု ၂၀၂၅ မှာ ၂ ဆ တက်လာပြီး ၁,၆၀၀ ကျပ်ဝန်းကျင်မှာရှိပါတယ်။ မြန်မာဟင်းချက်ပြုတ်ဖို့အတွက် ငံပြာရည်ဟာ မရှိမဖြစ်ပါဝင်ပစ္စည်း တမျိုးပဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့ငါးနှစ်မှာ ကြက်သွန်ဖြူ တစ်ပိဿာက ၃,၅၀၀ ကျပ်သာရှိခဲ့ပေမဲ့ ၂၀၂၅ ခုနှစ်မှာတော့ ကျပ် ၁၀,၀၀၀ အထိ ဈေးရှိပြီး ဒါဟာ ၃ ဆ ဈေးတက်လာတဲ့သဘောပါ။
ခရုဆီကိုတော့ တရုတ် ဒါမှမဟုတ် ထိုင်းနိုင်ငံကသွင်းတဲ့အမျိုးအစားတွေကို အသုံးများပါတယ်။ ၆၈၀ မီလီလီတာ ပါဝင်တဲ့ ခရုဆီတစ်ဘူး ကို ၂၀၂၅ ခုနှစ်မှာ ၄,၅၀၀ ကျပ်နဲ့ ဝယ်ယူနေရပြီး ဒါဟာ အာဏာမသိမ်းခင် ၂၀၂၀ ကာလထက် ၃ ဆ ဈေးတက်လာလည်းဖြစ်ပါတယ်။
ဆား ၂၅ ကျပ်သားဆိုရင် ပြီးခဲ့တဲ့ငါးနှစ်တုန်းက ကျပ် ၂၀၀ နဲ့ ဝယ်လို့ရပေမဲ့ အခုတော့ ကျပ် ၁,၀၀၀ ပေးဝယ်ရပြီး ဈေး ၅ ဆ အထိ တရှိန်ထိုးတက်သွားတာပါ။ မြန်မာဟင်းပွဲတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ပါဝင်ပစ္စည်းတချို့ဟာ သွင်းကုန်တင်းကျပ်မှုတွေကြောင့် ရှားပါးပြတ်လပ်မှု အခက်အခဲကို ကြုံနေရပါတယ်။
| ပါဝင်ပစ္စည်းများ | ၂၀၁၅ | ၂၀၂၀ | ၂၀၂၅ |
|---|---|---|---|
| ဟင်းနုနွယ်ရေ (Aုပ်) | ၁၀၀ | ၃၀၀+၂၀၀% |
၈၀၀+၁၆၇% |
| ကြက်သွန်ဖြူ ၃မွှာ (၁ကျပ်သား) | ၁၅ | ၃၅+၁၃၃% |
၁၀၀+၁၈၆% |
| ငရုတ်သီးစိမ်း ၂ တောင့် (၂ ကျပ်သား) | ၆၀ | ၁၄၀+၁၃၃% |
၄၀၀+၁၈၆% |
| စားအုန်းဆီ ၂ ဇွန်း (၂ ကျပ်သား) | ၃၀ | ၄၀+၃၃% |
၁၂၀-၂၄၀+၂၀၀-၅၀၀% |
| ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း (၁ ကျပ်သား) | ၆၆ | ၇၉+၂၀% |
၁၉၉ဝ+၁၅၀% |
| ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း (၀.၄ ကျပ်) | ၂ | ၄+၁၀၀% |
၃၂+၇၀၀% |
| ကမာဆီ စားပွဲတင်ဇွန်း ၁ ဇွန်း (၁ ကျပ်သား) | ၄၀ | ၄၀၀% |
၁၁၉+၂၀၀% |
| စုစုပေါင်း | ၃၁၃ | ၆၃၈+၁၀၄% |
၁,၇၇၀ - ၁,၈၉၀+၁၇၇-၁၉၆% |
လက်ဖက်သုပ် (နှစ်ယောက်စာ)
လွယ်ကူရိုးရှင်းတဲ့ ဒီဟင်းပွဲကို ရန်ကုန်က အိမ်တိုင်းလိုလိုမှာ တွေ့နိုင်ပြီး အခုကုန်ဈေးနှုန်းနဲ့ဆိုရင် လူနှစ်ယောက်စာအတွက် ၆,၅၀၀ ကျပ်ဝန်းကျင် ကျသင့်ပါတယ်။ ပါဝင်ပစ္စည်း ပုဇွန်ခြောက်ကြောင့် ဒီဟင်းပွဲရဲ့ ဈေးဟာ လွန်ခဲ့တဲ့ ၅ နှစ်နဲ့ယှဉ်ရင် ၂၀၂၅ ခုနှစ်မှာ ၁၅၀ ရာခိုင်နှုန်း ဈေးကြီးလာပါတယ်။
ရှုးရှဲလက်ဖက် တစ်ထုပ်တန်ဖိုးက ကျပ် ၂၀၀ အထိရှိလာပြီး အာဏာမသိမ်းခင်ကထက် ၄ ဆ ဈေးတက်လာပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကာလအတွင်းကိုပြန်ကြည့်ရင် ၂၀၁၅ ခုနှစ်တုန်းက ဈေးအတိုင်းပဲ တစ်ထုပ်ကို ကျပ် ၅၀ သာရှိခဲ့ပါတယ်။
သံပုရာသီး အသေးဆိုဒ် ၄ လုံးကို ငွေကျပ် ၂၀၀ ပေးဝယ်နေရပြီး ဒါက လွန်ခဲ့တဲ့ ၅ နှစ်က ဈေးထက် ၂ ဆ ဈေးတက်လာတာဖြစ်ပါတယ်။ လက်ဖက်မှာ ထည့်စားတဲ့ နှမ်းဈေးလည်း အလားတူပါပဲ။ နှမ်း ၅ ကျပ်သားကို ကျပ် ၉၀၀ နီးပါးကျသင့်ပြီး ၂ ဆ ဈေးတက်လာတာပါ။
ပုဇွန်ခြောက်ဈေးတွေလည်းတက်လို့ တချို့အတွက်သာ လက်ဖက်သုပ်မှာ ပုဇွန်ခြောက်ထည့်စားနိုင်ပြီး တချို့တော့ မစားနိုင်တော့ပါဘူး။ ပုဇွန်ခြောက် အကောင်းစား ၁၀ ကျပ်သားက မြန်မာငွေကျပ် ၃၀,၀၀၀ ခန့် ကျသင့်နေပါပြီ။
လူ နှစ်ယောက်စာ လက်ဖက်သုပ်မယ်ဆိုရင် ပုဇွန်ခြောက် ၁.၅ ကျပ်သားခန့်လိုပြီး လက်ဖက်သုပ် သုပ်စားဖို့ ကုန်ကျစရိတ်ရဲ့ ၃ ပုံ ၂ ပုံစာက ပုဇွန်ခြောက်ဖိုးဖြစ်နေပါတယ်။ အကြော်စုံ ၂၅ ကျပ်သားအတွက် မြန်မာငွေကျပ် ၅,၀၀၀ ကျသင့်ပါတယ်။ လူနှစ်ယောက်စာလက်ဖက်သုပ်ထဲ အကြော်စုံကို စားပွဲတင်ဇွန်း ၂ ဇွန်းစာထည့်ပြီး စားမယ်ဆိုရင် ကျပ် ၆၀၀ ဝန်းကျင်သာကုန်ကျမှာပါ။
| ပါဝင်ပစ္စည်းများ | ၂၀၁၅ | ၂၀၂၀ | ၂၀၂၅ |
|---|---|---|---|
| လက်ဖက်ချဉ် ၂ ဇွန်း (၃ ကျပ်သား) | ၁၅၀ | ၁၅၀၀% |
၆၀၀+၃၀၀% |
| ပဲမျိုးစုံခြောက် လက်ဖက်ရည်ဇွန်း ၄ ဇွန်း (၃ ကျပ်သား) | ၁၂၀ | ၁၈၀+၅၀% |
၆၀၀+၂၃၃% |
| ပုစွန်ခြောက် ၂ ဇွန်း (၁.၅ ကျပ်)၊ | ၁၅၀၀ | ၁,၉၅၀+၃၀% |
၄၅၀၀+၁၃၁% |
| နှမ်းစေ့ ၂ ဇွန်း (၂ ကျပ်သား) | ၁၂၀ | ၁၈၀+၅၀% |
၃၆၀+၁၀၀% |
| အလတ်စား ခရမ်းချဉ်သီး ၁/၂ လုံး (၃ ကျပ်)၊ | ၄၅ | ၆၀+၃၃% |
၁၂၀+၁၀၀% |
| ငရုတ်သီးစိမ်း ၂ တောင့် (၂ ကျပ်သား) | ၆၀ | ၄၀+စာ-၃၃% |
၂၄၀+၅၀၀% |
| ကြက်သွန်ဖြူ ၂ မွှာ (၀.၆ ကျပ်)၊ | ၉ | ၂၁+၁၃၃% |
၆၀+၁၈၆% |
| သံပုရာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း (၀.၃ ကျပ်) | ၅ | ၈+၆၀% |
၁၅+၈၈% |
| ဆီ ၁ ဇွန်း (၁ ကျပ်သား) | ၁၅ | ၂၀+၃၄% |
၆၀-၁၂၀+၂၀၀-၅၀၀% |
| ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း (၀.၅ ကျပ်) | ၃ | ၃၀% |
၈+၁၆၇% |
| ဆား လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း (၀.၂ ကျပ်) | ၁ | ၂+၁၀၀% |
၈+၃၀၀% |
| စုစုပေါင်း | ၂,၀၂၈ | ၂,၆၁၄+၂၉% |
၆,၅၇၁ - ၆,၆၃၁+၁၅၁%-၁၅၃% |
ချဉ်ပေါင်ရွက်ဟင်းရည် (နှစ်ယောက်စာ)
ချဉ်ပေါင်ရွက်ဟင်းရည်ကိုပုံစံမျိုးစုံနဲ့ ချက်ပြုတ်လေ့ရှိပြီး ငါးထည့်တာ ဒါမှမဟုတ် မထည့်ပဲချက်တာလည်း ရှိပါတယ်။
အရိုးရှင်းဆုံးချက်နည်းအဖြစ် ငါးမပါဘဲ ဟင်းရည်ချက်မယ်ဆိုရင် လူနှစ်ယောက်စာအတွက် ၂,၀၀၀ ကျပ်ဝန်းကျင်သာ ကုန်ကျမှာဖြစ်ပြီး လက်ဖက်သုပ်စားတဲ့ ကုန်ကျစရိတ်နဲ့ အတူတူပါပဲ။ ဒါပေမဲ့ ၂၀၂၀ ခုနှစ်က ဈေးနဲ့ယှဉ်ရင်တော့ ၄ ဆ ဈေးခုန်တက်သွားပါတယ်။
ချဉ်ပေါင်ရွက် တစ်စီးက ၃၅၀ ကျပ်အထိဈေးတက်နေပြီး လွန်ခဲ့တဲ့ငါးနှစ်ကထက် ၇ ဆ ဈေးတက်လာတာပါ။ ချဉ်ပေါင်ရွက်ဟင်းရည်ထဲထည့်ချက်တဲ့ မျှစ်ဈေးကလည်းအခုဆို ၁၀ ကျပ်သားကို ၇၀၀ ကျပ်အထိရှိနေပြီး ၂၀၂၀ တုန်းကထက် ၃ ဆ ဈေးတက်လာပါတယ်။
အာဏာမသိမ်းခင်က ငရုတ်သီးစိမ်းဈေးဟာ ၂၀၁၅ နှစ် က ဈေးထက် ၃၃ ရာခိုင်နှုန်း ပိုဈေးသက်သာခဲ့ပြီး ၁၀ ကျပ်သား ကိုမှ ၂၀၀ ကျပ်ပဲရှိခဲ့ပါတယ်။
၂၀၂၅ ခုနှစ်မှာတော့ ဈေးတရှိန်ထိုးပြန်တက်ခဲ့ပြီး ၁,၂၀၀ ကျပ်အထိရှိကာ ၅၀၀ ရာခိုင်နှုန်းအထိ ဈေးတက်ခဲ့တာကြောင့် ဈေးအတက်အကျအများဆုံးဖြစ်ခဲ့တဲ့ ဟင်းချက်စရာတမျိုးလည်းဖြစ်ပါတယ်။
ကြက်သွန်ဖြူဈေးကတော့ လွန်ခဲ့တဲ့ငါးနှစ်ဈေး ၃,၅၀၀ ကျပ်ကနေ အခုတော့ ၁၀,၀၀၀ ကျပ်အထိရှိပြီး ၃ ဆနီးပါးဈေးတက်လာတာပါ။
ချဉ်ပေါင်ရွက်ဟင်းရည်ထဲ ငါးကြင်းထည့်ပြီးလည်း စားလေ့ရှိကြပါတယ်။ ၂၀၂၅ ခုနှစ်မှာ ငါးကြင်း တစ်ပိဿာကို ကျပ် ၃၀,၀၀၀ ဈေးရှိလို့ ဒါဟာ လွန်ခဲ့တဲ့ငါးနှစ်တုန်းကဈေးထက် ၁၄၀ ရာခိုင်နှုန်း ဈေးများလာပါတယ်။ အခုလို ပါဝင်ပစ္စည်းဈေးကြီးလာတာကြောင့် အများစုဟာ ချဉ်ပေါင်ရွက်ဟင်းရည်ကို ငါးမထည့်ဘဲ စားသုံးလာကြပါတယ်။
| ပါဝင်ပစ္စည်းများ | ၂၀၁၅ | ၂၀၂၀ | ၂၀၂၅ |
|---|---|---|---|
| နှင်းဆီရွက် ၁ ထုပ် (တစ်စည်း) | ၅၀ | ၅၀၀% |
၃၅၀+၆၀၀% |
| မျှစ် (၁၃ ကျပ်သာ)၊ | ၁၃၀ | ၂၆၀+၁၀၀% |
၉၁၀+၂၅၀% |
| ကြက်သွန်နီအကြီး ၁လုံး (၅ကျပ်သား) | ၂၅ | ၃၀+၂၀% |
၁၅၀+၄၀၀% |
| ကြက်သွန်ဖြူ ၇ မွှာ (၂ ကျပ်သား) | ၃၀ | ၇၀+၁၃၃% |
၂၀၀+၁၈၆% |
| ငရုတ်သီးစိမ်း ၁ တောင့် (၁ ကျပ်သား) | ၃၀ | ၂၀+စာ-၃၃% |
၁၂၀+၅၀၀% |
| ဆီ ၂ ဇွန်း (၂ ကျပ်သား) | ၃၀ | ၄၀+၃၃% |
၁၂၀-၂၄၀+၂၀၀-၅၀၀% |
| ငါးငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း (၁ ကျပ်သား) | ၆ | ၆၀% |
၁၆+၁၆၇% |
| ဆား လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း (၀.၂ ကျပ်) | ၁ | ၂+၁၀၀% |
၈+၃၀၀% |
| စုစုပေါင်း | ၃၀၂ | ၄၇၈+၅၈.၂၈% |
၁,၈၇၄ - ၁,၉၉၄+၂၉၂%-၃၁၇% |
ထမင်း
ဆန်အမျိုးအစား ၂ မျိုးကိုဖော်ပြထားပါတယ်။ လူလတ်တန်းစားနဲ့ အခြေခံလူတန်းစားတွေအစားများတဲ့ ဇီယာဆန်နဲ့ ဆန်အကောင်းလို့ လူသိများတဲ့ ရွှေဘိုပေါ်ဆန်းမွှေးဆန်ကို ဖော်ပြထားတာပါ။
ဇီယာဆန် ၂၄ ပြည်ပါဝင်တဲ့ တစ်အိတ်ကို ၇၄,၀၀၀ ကျပ်ပေါက်ဈေးရှိပြီး ဒါဟာ ၂၀၂၀ ခုနှစ်ကဈေးနဲ့ ယှဉ်ရင် ၂ ဆ ဈေးတက်တာဖြစ်ပါတယ်။ ရွှေဘိုပေါ်ဆန်းမွှေး (ရှယ်)က ပိုဈေးမြောက်ပြီး ၆၅,၀၀၀ ကျပ် ကနေ ၁၈၅,၀၀၀ ကျပ်အထိ ၃ ဆ ဈေးတက်သွားတာပါ။
| ပါဝင်ပစ္စည်းများ | ၂၀၁၅ | ၂၀၂၀ | ၂၀၂၅ |
|---|---|---|---|
| ဇီယာ (အခြေခံဆန် ) | ၁၇၀၀၀ | ၃၁၀၀၀+၈၂% |
၇၄၀၀၀+၁၃၉% |
| ရွှေဘိုပေါ်ဆန်းမွှေး (ရှယ်) | ၄၄၅၀၀ | ၆၅၀၀၀+၄၆% |
၁၈၅၀၀၀+၁၈၅% |
လက်ဖက်ရည်တခွက်
လက်ဖက်ရည် တစ်ခွက်ကို အခုတော့ ၂,၀၀၀ ကျပ်ပေး ဝယ်သောက်နေရပြီး ဒီကုန်ကျစရိတ်က လက်ဖက်သုပ်နဲ့ ချဉ်ပေါင်ရွက်ဟင်းရည်ချက်ဖို့ ကုန်ကျစရိတ်နဲ့ အတူတူပါပဲ။
၂၀၂၀ ခုနှစ်တုန်းက လက်ဖက်ရည် တစ်ခွက် ၅၀၀ ကျပ်ဆိုတဲ့ဈေးနဲ့ နှိုင်းယှဉ်ကြည့်ရင် ၃၀၀ ရာခိုင်နှုန်း အထိ ဈေးတက်လာတာပါ။ အဲဒီကာလထက် ၅ နှစ်စောတဲ့ ၂၀၁၅ ခုနှစ်တုန်းကဆိုရင် တူညီတဲ့ ဆိုင်ဖျော်လက်ဖက်ရည် တစ်ခွက်ကို ၂၀၀ ကျပ်နဲ့ ဝယ်သောက်လို့ ရခဲ့ပါတယ်။
| ပါဝင်ပစ္စည်းများ | ၂၀၁၅ | ၂၀၂၀ | ၂၀၂၅ |
|---|---|---|---|
| လက်ဖက်ရည်တစ်ခွက် | ၂၀၀ | ၅၀၀+၂၅၀% |
၂၀၀၀+၃၀၀% |
မြန်မာမှာ ဆယ်နှစ်တာအတွင်း အစားအသောက်ဈေးနှုန်းတွေ စံချိန်တင် တရှိန်ထိုးမြင့်တက်နေပါတယ်။ ပြည်တွင်းဈေးကွက်ကို ဗဟိုချုပ်ကိုင်မှုများခဲ့တဲ့ရလဒ်က လူသုံးများတဲ့ ကြက်သား၊ ပုဇွန်ခြောက်နဲ့ ဟင်းချက်ရာမှာသုံးတဲ့ ငံပြာရည်လို ပါဝင်ပစ္စည်းတွေရဲ့ စားသောက်ကုန်ပစ္စည်း ဈေးနှုန်းတွေကို ထိုးတက်သွားစေခဲ့ပါတယ်။
ရန်ကုန်မြို့မှာနေထိုင်တဲ့ လူလတ်ပိုင်းအရွယ် ဒေါ်ခင်ခင် (အမည်လွှဲ) ကတော့ ပြီးခဲ့တဲ့ငါးနှစ်တာမှာ လူ ၃ ယောက်ရဲ့ နေ့လယ်နဲ့ ညစာအတွက် (၆ ယောက်စားပမာဏ) ကြက်သား ၂၅ ကျပ်သားဖိုးချက်ပြုတ်လေ့ရှိပေမဲ့ အခုတော့ “ကြက်သားဖိုး တဝက်လျှော့ပြီး အာလူးနဲ့ ရောချက်နေရပြီ” လို့ ဘီဘီစီ ကို ပြောပါတယ်။
စစ်ကော်မရှင် (အရင်က စစ်ကောင်စီ) ဟာ အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ်ကစလို့ ကုန်စည်စီးဆင်းမှုကို ထိန်းချုပ်ခဲ့တဲ့ ရလဒ်ဟာ “ပြည်တွင်းကုန်ပစ္စည်းတွေဟာ အရည်အသွေးလည်းမမီ အရေအတွက်လည်း မလောက်ငတဲ့အခြေအနေ” ဖြစ်လာသလို “အဲဒါက စားသောက်ကုန်ဈေးနှုန်းတက်စေတဲ့ လောင်စာတမျိုးပဲ” လို့ လုံခြုံရေးအရ ဦးဘ လို့ အမည်လွှဲသုံးထားတဲ့ စီးပွားရေးပညာရှင်တစ်ဦးက သတိပေးပါတယ်။
မြန်မာရဲ့ နာမည်ကျော်ဟင်းပွဲတွေမှာပါဝင်တဲ့ စားသောက်ကုန်တွေရဲ့ ပျမ်းမျှဈေးနှုန်းတွေကိုသိနိုင်ဖို့ ရန်ကုန်က ဈေးဝယ်သူ အိမ်ရှင်မတွေနဲ့ ဈေးသည်တွေကို ဘီဘီစီက မေးမြန်းစကားပြောခဲ့ပါတယ်။
အောက်မှာပြထားတဲ့ဟင်းပွဲတွေထဲက သင့်အကြိုက်ကို ရွေးချယ်ပြီး နှစ်အလိုက်ပြောင်းလဲလာတဲ့ ဈေးနှုန်းတွေကို ကြည့်ရှုနိုင်ပါပြီ။
အစားအသောက်ဈေးကြီးမြင့်မှုကို ဘယ်လိုထိန်းချုပ်မလဲ။
ဒေါ်ခင်ခင့် မိသားစု တစ်လဝင်ငွေရဲ့ ထက်ဝက်ခန့်ကို စားသောက်ကုန်ပစ္စည်းတွေဝယ်ယူရေးအတွက် အသုံးပြုနေရပါတယ်။ တချို့အတွက်တော့ ဝင်ငွေထွက်ငွေ မမျှတတော့ပါဘူး။ “၂၀၂၅ ခုနှစ်မှာ မြန်မာက လူပေါင်း ၁၅ သန်းဟာ အငတ်ဘေးနဲ့ ကြုံနိုင်တယ်”လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ကသတိပေးထားပြီး ဒါဟာ မနှစ်ကအချက်အလက် ၁၃.၃ သန်းကနေ တိုးလာတာလည်းဖြစ်ပါတယ်။ ပဋိပက္ခဖြစ်ပွားရာဒေသတွေဖြစ်တဲ့ ချင်း၊ ကချင်၊ ရခိုင်နဲ့ စစ်ကိုင်းတို့ မှာနေထိုင်သူတွေအပေါ် အများဆုံးသက်ရောက်နိုင်ပါတယ်။
အခုလို ဈေးနှုန်းကြီးမြင့်လာတာကို ထိန်းချုပ်ဖို့အတွက်ဆိုရင် “ဘတ်ဂျက်လိုငွေတွေအတွက် ပိုက်ဆံတွေ ရိုက်ထုတ်မယ့်အစား ငွေတိုက်စာချုပ်တွေကိုအများပြည်သူဝယ်နိုင်အောင် ထုတ်ရောင်းသင့်တယ်။ ထိရောက်တဲ့နည်းလမ်းတွေကိုသုံးပြီး ဈေးကွက်ထဲက ကျပ်ငွေတွေကို နုတ်ယူသင့်တယ်” လို့ စီးပွားရေးပညာရှင် ဦးဘက ထောက်ပြပါတယ်။
စစ်အသုံးစရိတ်ကို တိုးသုံးနေတဲ့စစ်ကော်မရှင်အနေနဲ့ စစ်အသုံးစရိတ်အပိုင်းကို လျှော့ချပြီး အကျိုးဖြစ်ထွန်းမယ့်ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံသင့်တယ်လို့ ဦးဘက ပြောပါတယ်။ ဒါမှသာ ဈေးကွက်စီးပွားရေးတည်ငြိမ်လာပြီး ဈေးနှုန်းဖောင်းပွမှုကို ထိန်းချုပ်နိုင်ကာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုပြီးဖန်တီးပေးလာနိုင်ပါလိမ့်မယ်။
ဘီဘီစီ က ဘယ်လိုအချက်အလက်စုဆောင်းထားတာလဲ
ဖော်ပြထားတဲ့အချက်အလက်တွေဟာ ရန်ကုန်မြို့မှာဝယ်ယူရတဲ့ပျမ်းမျှဈေးနှုန်းတွေဖြစ်လို့ တချို့မြို့တွေနဲ့တော့ ဈေးနှုန်းကွာခြားပါလိမ့်မယ်။ ဒီအချက်အလက်တွေကို ၂၀၂၅ ခုနှစ် ဇူလိုင်လမှာ ကောက်ခံထားတာပါ။
အာဏာသိမ်း ၄ နှစ်ကျော်ကာလအတွင်း ကုန်ဈေးနှုန်းတွေဘယ်လောက်တက်လာလဲ
အနာနဲ့ဆေးမတည့်တဲ့မြန်မာ့စီးပွားရေးက လူငယ်တွေကို ပြည်ပထွက်အောင်တွန်းပို့နေ
အသက်ရှုကျပ် ကြွေးတက်လာတဲ့ မီးဖိုချောင်ကုန်စျေးနှုန်း